တာချီလိတ်၊ မိုင်းဆတ်နှင့် မိုင်းခတ်တို့တွင် ဆုံဆို့ဖြစ်ပွားရာနယ်မြေမှ အသက် (၁၅)နှစ်အောက်ကလေးများကို ဆုံဆို့ကာကွယ်ဆေးထိုးပေးရန် စီစဉ်နေ

တာချီလိတ်၊ မိုင်းဆတ်နှင့် မိုင်းခတ်တို့တွင် ဆုံဆို့ဖြစ်ပွားရာနယ်မြေမှ အသက် (၁၅)နှစ်အောက်ကလေးများကို ဆုံဆို့ကာကွယ်ဆေးထိုးပေးရန် စီစဉ်နေ
သြဂုတ် 9, 2020
By 🌸
တာချီလိတ်၊ မိုင်းဆတ်နှင့် မိုင်းခတ်တို့တွင် ဆုံဆို့ဖြစ်ပွားရာနယ်မြေမှ အသက် (၁၅)နှစ်အောက်ကလေးများကို ဆုံဆို့ကာကွယ်ဆေးထိုးပေးရန် စီစဉ်နေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်၊ မိုင်းဆတ်နှင့် မိုင်းခတ်တို့တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လအတွင်း ဆုံဆို့ရောဂါဖြစ်ပွားမှုများရှိနေ၍  ရောဂါသံသယရှိသူနေထိုင်ရာ နယ်မြေအတွင်း ကာကွယ်ဆေးထိုးနှံခြင်းအပြင် (၁၅)နှစ်အောက် ကလေးများကို ကာကွယ်ဆေးတိုးချဲ့ထိုးနှံပေးရန် စီစဉ်နေကြောင်း သိရသည်။

“ကူးစက်ရောဂါတစ်ခုဖြစ်ပွားရင် ကူးစက်ရောဂါဆိုင်ရာဗေဒအရ ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးတဲ့ဟာတွေ ဆောင်ရွက်ရပါတယ်။ ရောဂါသံသယရှိသူတွေ့တဲ့ရပ်ကွက်က သူနဲ့နီးတဲ့ နယ်မြေအတွင်းမှာရှိတဲ့ ကလေးများကို ကျွန်တော်တို့က ကာကွယ်ဆေး ထိုးနှံပေးပါတယ်။ သူနဲ့အတူနေတဲ့ မိသားစုဝင်တွေကို ကာကွယ်ဆေးထိုးနှံပေးတဲ့အပြင် ဒီရောဂါအတွက် တိုက်တဲ့ဆေးတွေကို (၁၀) ရက်အထိ တိုက်ကျွေးပေးပါတယ်။ ကာကွယ်ဆေးက ဖြစ်ပွားတဲ့နေရာ အပေါ်မှာ မူတည်ပြီးတော့  ရောဂါဗေဒ နည်းပညာဆိုင်ရာ သတ်မှတ်ချက်အတိုင်း ကာကွယ်ထိန်းချုပ်ရခြင်းဖြစ်ပါတယ်။ အမြန်ဆုံး စာရင်းကောက်ယူပြီးတော့ ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးသလို (၁၅) နှစ်အောက်ကလေးတွေ ထိုးဖို့လိုအပ်တဲ့ကလေးတွေကို တိုးချဲ့ပြီးတော့ ထိုးဖို့အတွက်  ဆောင်ရွက်လျှက်ရှိပါတယ်”

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့၌ ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ၂၀၂၀ ခုနှစ်အတွင်း ဆုံဆို့ရောဂါဖြစ်ပွားမှုကို တာချီလိတ်မြို့၌ ဇူလိုင်လ (၂၇) ရက်နေ့တွင် စတင်တွေ့ရခြင်းဖြစ်ပြီးနောက်  သြဂုတ်လ (၉)ရက်နေ့အထိ ရရှိသည့်စာရင်းအရ ဆံဆို့ဖြစ်ပွားသူ (၂၆)ဦးအထိရှိနေပြီး ဆုံဆို့ရောဂါသံသယဖြင့်  သေဆုံးခဲ့သည့်ကလေးများ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ၌ ဆုံဆို့ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

“ဆုံဆို့နဲ့ပတ်သက်လို့ကတော့ ရောဂါက ဘတ်တီးယားပိုးပေါ့။ ဗိုင်းရပ်စ်ပိုး မဟုတ်ဘူး။ ဘတ်တီးရီးယားပိုးကနေ အဆိပ်အတောက်တွေ ထွက်တယ်။ လည်ပင်းမှာရှိတဲ့ ဂလင်းတွေယောင်လာတယ်။ လေပြွန်ကိုသွားပိတ်တယ်။ ပြီးတော့မှ နှလုံးကို ထိခိုက်နိုင်တယ်။ ဆေးကုလိုက်လို့ မီတယ်ဆိုရင်တောင် (၁၀) ယောက်မှာ (၁) ယောက်သေနိုင်တယ်။ ကုသမှုမရဘူးဆိုရင် (၁၀) ယောက်မှာ (၅) ယောက်လောက်သေနိုင်တယ်။ ကာကွယ်ဆေးထိုးပြီးရင် ကာကွယ်နိုင်ပြီလားဆိုပြီး မေးခွန်းထုတ်စရာရှိပါတယ်။ ဆေး (၅) မျိုးစပ်ပြီးထိုးရတယ်။ သူ့အသက်အရွယ်အလိုက်ပေါ့။ ကာကွယ်ဆေးထိုးပြီးသားသူတွေတောင် ပြန်ပြန်ဖြစ်တာကိုတွေ့ရတယ်”

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာဘစိုးသက်က ပြောသည်။
ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါကာ ကွယ်ဆေး၊ အသည်းရောင်အသားဝါ B ကာကွယ်ဆေး၊ ပိုလီယို အကြောသေရောဂါကာကွယ်ဆေး၊တီဘီရောဂါကာကွယ်ဆေး၊ ပြင်းထန်ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်ရောဂါကာကွယ်ဆေး၊ ဝက်သက်ရောဂါ ကာကွယ်ဆေး၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးတို့ကို  တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် မွေးကင်းစ၊ အသက် (၂) လ၊ (၄) လ၊ (၆) လနှင့် (၁) နှစ်ခွဲအရွယ်များတွင် တစ်နိုင်ငံလုံးအတိုင်းအတာ အခမဲ့ ထိုးနှံတိုက်ကျွေးပေးနေခြင်းဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံခြင်းမရှိသည့် ကလေးများ ကျန်ရှိနေခြင်းဖြစ်သည်။

“အဓိကကတော့ ဆုံဆို့ဆိုတာ ကာကွယ်လို့ရတဲ့ ရောဂါပဲ။ ဘာနဲ့ကာကွယ်လို့ရလဲဆိုတော့ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတယ်။ ကာကွယ်ဆေးနဲ့ကာကွယ်လို့ရတဲ့ ရောဂါမှန်သမျှ ကျွန်တော်တို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ၁၉၇၇-၇၈ လောက်ကတည်းက ဖြည်းဖြည်းချင်းထည့်သွင်းထိုးနှံလာတာ။ အခုဆို အိမ်နီးချင်းနိုင်ငံတွေမှာ အလကားမရတဲ့ဟာတွေကို ကျွန်တော်တို့အလကားထိုးနှံပေးနေတာ။ ဒါတွေကို ပြည်သူလူထုကို သိစေချင်တယ်။ တာချီလိတ်ဆိုလို့ရှိရင် မြို့ပေါ်ဧရိယာပေါ့။ ဆေးရုံဟောင်းမှာရှိတဲ့ မိခင်နဲ့ကလေးစောင့်ရှောက်ရေးပေါ့။ သူ့ထိုးနှံရက်တွေ ရှိတယ်။ ဒါလေးတွေကို စုံစမ်းစေချင်တယ်။ လာထိုးနှံစေချင်တယ်”

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာဘစိုးသက်က ပြောသည်။
ယင်းကဲ့သို့ ကလေးငယ်များအား ကာကွယ်ဆေးများ အခမဲ့ထိုးနှံတိုက်ကျွေးခြင်းအတွက် ဆေးတန်ဖိုး၏ (၂၆) ရာခိုင်နှုန်းကို နိုင်ငံ တော်မှ ကျခံပြီး (၇၄) ရာခိုင်နှုန်းကို Gavi မှ ကျခံပေးနေခြင်းဖြစ်ကာ ၂၀၂၅ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်မှ ရာနှုန်းပြည့်ကုန်ကျခံရမည်ဖြစ်သည်။
ဆုံဆို့ရောဂါသည် အသက်အရွယ်မရွေးတွင် ဖြစ်ပွားတတ်ပြီး ဆုံဆို့နာဘက်တီးရီးယားရောဂါပိုးမှ ထွက်ရှိသောအဆိပ်သည် နှလုံး၊ ကျောက်ကပ်နှင့် အာရုံကြောစနစ်သို့ ပျံ့နှံ့သွားပါက ရောဂါပြင်းထန်ပြီး အသက်သေဆုံးနိုင်သဖြင့် ဆုံဆို့ရောဂါလက္ခဏာများဖြစ်သည့် လည်ချောင်းနာခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊ ဖျားခြင်း၊ နှာရည်ယိုခြင်း၊ လည်ပင်း အကျိတ်များ ရောင်ရမ်းခြင်း၊ အာခေါင်တွင် ဖြူပြာရောင် (သို့မဟုတ်) မီးခိုးရောင်ရှိသော အမြှေးပါး ပေါ်ပေါက် လာခြင်း၊ ၎င်းအမြှေးပါးကြောင့် အစာမမျိုနိုင်ခြင်းနှင့် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ခြင်းများဖြစ်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးပြသရန် လိုအပ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~