ကိုယ်ပိုင်အမည်ဖြင့် မှတ်ပုံတင်ထားခြင်း မရှိသည့် SIM Card များကို ဇွန်လကုန်တွင် ပိတ်သိမ်းမည်

ကိုယ်ပိုင်အမည်ဖြင့် မှတ်ပုံတင်ထားခြင်း မရှိသည့် SIM Card များကို ဇွန်လကုန်တွင် ပိတ်သိမ်းမည်
ဇွန် 27, 2020
By Tachileik News Agency
ကိုယ်ပိုင်အမည်ဖြင့် မှတ်ပုံတင်ထားခြင်း မရှိသည့် SIM Card များကို ဇွန်လကုန်တွင် ပိတ်သိမ်းမည် 

လက်ရှိသုံးစွဲနေသည့် SIM Card များကို ၂၀၂၀ ခုနှစ် ဇွန်လ (၃၀) ရက်နေ့အထိ သုံးစွဲသူအမည်ဖြင့် မှတ်ပုံတင်ခြင်းမရှိပါက ဖျက်သိမ်းတော့မည်ဖြစ်၍  SIM Card များ တရားဝင်မှတ်ပုံတင်နိုင်ရေးအတွက် သက်ဆိုင်ရာ အော်ပရေတာများက အစိုးရရုံးပိတ်ရက်များတွင်ပါ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကျွန်တော်တို့ MPT တစ်ခုတည်း မဟုတ်ဘူး။ ရှိသမျှ အော်ပရေတာအားလုံး Telenor ရော၊ Mytel ရော၊ ooredoo ရောပေါ့။ ဇွန်လ (၃၀) ရက်နေ့မှာ တရားဝင်မှတ်ပုံတင်မထားရင် ပိတ်သိမ်းမယ်ဆိုပြီး ကြေညာထားတယ်။ ဆက်သွယ်မှုညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်တာပေါ့။ ကျွန်တော်တို့ MPT အနေနဲ့ ဒီလကုန်အထိပေါ့၊ မိမိအနေနဲ့တင်လို့ အဆင်မပြေလို့ ဆက်သွယ်ရေးကိုလာတင်တာတွေ  ဆောင်ရွက်ပေးနေတယ်။ မှတ်ပုံတင်တွေယူလာရင် တင်ပေးနေတာပေါ့။ သတ်မှတ်ရက်အတွင်းဆိုရင် တင်ပေးနေတာပေါ့။ စနေရော၊ တနင်္ဂနွေရော မပိတ်ပါဘူး

ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရှမ်းပြည်နယ် အရှေ့ပိုင်း၏ ပြည်နယ်မန်နေဂျာ ဦးသိန်းဌေးမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့တွင် ပြောသည်။

SIM Card များကို စနစ်တကျ မှတ်ပုံတင်နိုင်ရေးအတွက် ကိုင်ဆောင်ထားသူများသည် တည်ဆဲဥပဒေအရထုတ်ပေးထားသည့် သက်သေခံလက်မှတ်(နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြု၊ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား)၊ နိုင်ငံခြားသားများအတွက် Passport တစ်ခုခုဖြင့် သက်ဆိုင်ရာမိုဘိုင်းအော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်များတွင်လည်းကောင်း ၂၀၂၀ ခုနှစ် ဇွန်လ (၃၀) ရက်နေ့နောက်ဆုံး ထား ပြန်လည်မှတ်ပုံတင်ကြရန်နှင့် လူတစ်ဦးလျှင် (၂) ကတ်ထက်ပို၍ မှတ်ပုံတင်ထားသော SIM Card များ၊ အချက်အလက်မှန်ကန်စွာဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်မှုညွှန်ကြားမှုဦးစီးဌာနက သတိပေးကြေညာထားသည်။

SIM Card များကို ပြန်လည်မှတ်ပုံတင်ကြရန် ဖေဖော်ဝါရီလ (၂၃) ရက်နေ့ကတည်းက ကြေညာထားခြင်းဖြစ်ပြီး မှတ်ပုံတင်ခြင်းမရှိသည့် SIM Card များကို ဧပြီလ (၃၀) ရက်နေ့တွင် မှတ်ပုံတင်ရေးကိစ္စများကိုစုံစမ်းနိုင်ရန် Call Center သို့ခေါ်ဆိုနိုင်ခြင်းမှလွှဲပြီး အထွက်ခေါ်ဆိုမှုများ စတင်ပိတ်ထားပြီဖြစ်သည်။
MPT SIM ကတ်များအားလုံး မှတ်ပုံတင်ခြင်းအတွက် https://care.mpt.com.mm/၊ Ooredoo SIM ကတ်များ မှတ်ပုံတင်ခြင်းအတွက် https://ooredoo.com.mm/portal/en/index၊ Telenor SIM ကတ်များ မှတ်ပုံတင်ခြင်းအတွက် https://bit.ly/telenorecaf နှင့် Mytel SIM ကတ်များ မှတ်ပုံတင်ခြင်းအတွက် www.mytel.com.mm သို့လည်းကောင်း Call Center များဖြစ်သည့် MPT အတွက် 106၊ Ooredoo အတွက် 234၊ Telenor အတွက် 979 နှင့် mytel အတွက် 966 တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြမည်ဖြစ်သည်။

မိမိကိုယ်ရေးအချက်အလက်များဖြင့် SIM Card မှတ်ပုံတင်ခြင်းအတွက် စစ်ဆေးရန် MPT အတွက် *601# 📞 ၊ Ooredoo အတွက် *666# 📞၊ Telenor အတွက် *979*3*3# 📞၊ Telenor အတွက် *666# 📞၊ mytel အတွက် *966#📞 ခေါ်ဆိုပြီးပါက နံပါတ် ၆ ကိုရွေး၊ နံပါ ၂ ကိုရွေး၍ စစ်ဆေးနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း -  ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~