လာအိုနိုင်ငံတွင် မေလ (၁၇)ရက်နေ့ နောက်ပိုင်း ပိတ်ဆို့မှုအချို့ ဖြေလျော့မည်ဖြစ်ကြောင်း အသိပေးထားသော်လည်း နယ်စပ်ဂိတ်များ ဆက်၍ ပိတ်ထားမည်

လာအိုနိုင်ငံတွင် မေလ (၁၇)ရက်နေ့ နောက်ပိုင်း ပိတ်ဆို့မှုအချို့ ဖြေလျော့မည်ဖြစ်ကြောင်း အသိပေးထားသော်လည်း နယ်စပ်ဂိတ်များ ဆက်၍ ပိတ်ထားမည်
မေ 16, 2020
By Tachileik News Agency

လာအိုနိုင်ငံတွင် မေလ (၁၇)ရက်နေ့ နောက်ပိုင်း ပိတ်ဆို့မှုအချို့ ဖြေလျော့မည်ဖြစ်ကြောင်း အသိပေးထားသော်လည်း  နယ်စပ်ဂိတ်များ ဆက်၍ ပိတ်ထားမည်

မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံတွင် COVID 19 အတည်ပြုလူနာ မတွေ့ရသည့်ကာလ တစ်လရှိပြီဖြစ်၍ နိုင်ငံတစ်ဝန်း ပိတ်ဆို့ကာလ သက်တမ်းပြည့်သည့် ၂၀၂၀ ခုနှစ်၊ မေလ (၁၇) ရက်နေ့နောက်ပိုင်းတွင် ပိတ်ဆို့မှုအချို့ကို ဖြေလျော့ပေးလာသော်လည်း နယ်စပ်ဂိတ်များကို ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံ COVID 19 ကာကွယ်ရေးအလုပ်အဖွဲ့က မေလ (၁၆)ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပပြီး မေလ (၁၈)ရက်နေ့မှစ၍ ဖြေလျော့ပေးမည့် အပိုင်း (၉)ခုကို ကြေညာခဲ့ခြင်းဖြစ်သည်။

အခုက လာအိုနိုင်ငံမှာ ရောဂါ ထိန်းချုပ်နိုင်နေတဲ့အတွက်  ဒီလ (၁၇)ရက်နေ့အထိ ပိတ်ထားတာကို သူတို့ ထပ်တိုးမပိတ်တော့ဘဲ ဖွင့်လိုက်တာ

ဟု တုန်ဖိန်းမြို့နယ်အုပ်ချုပ်ရေးမှူး ခင်ဖစ်ဘွန်ခန်ကျန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လာအိုနိုင်ငံတွင် COVID 19 အတည်ပြုလူနာ (၁၉)ဦးအထိ တွေ့ရပြီးနောက် မေလ (၁၃)ရက်နေ့အထိ ရက်ပေါင်း (၃၀) ဆက်တိုက်ကာလအတွင်း အတည်ပြုလူနာထပ်တိုးတွေ့ရခြင်းမရှိတော့သည့်အပြင် အတည်ပြုလူနာများမှာလည်း အသေအပျောက်မရှိ ကျန်းမာရေးပြန်လည်ကောင်းမွန်လာနေသည့် အခြေအနေကြောင့်  ပိတ်ဆို့မှုအချို့ကို ဖြေလျော့လာခြင်းဖြစ်သော်လည်း ရောဂါဖြစ်ပွားမှုအခြေအနေအရ လိုအပ်ပါက ချက်ချင်းပြန်လည်ကန့်သတ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိဖြေလျော့ပေးလိုက်သည့် ကြေညာချက်ကြောင့် အစိုးရနှင့် ပုဂ္ဂလိကရုံးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် လည်ပတ်နိုင်ပြီဖြစ်သော်လည်း ရောဂါကာကွယ်ရေးသတ်မှတ်ချက်များကို တိကျစွာလိုက်နာကြရမည်ဖြစ်သည်။

နိုင်ငံတွင်း ပြည်နယ်တစ်ခုနှင့် တစ်ခုပြန်လည်ကူးသန်းသွားလာခြင်း၊ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းခရီးသွားလာခြင်းများကို ပြန်လည်ခွင့်ပြုသော်လည်း ရောဂါကာကွယ်ရေးအတွက် စည်းကမ်းချက်များ တင်းကြပ်စွာ ချမှတ်ထားသည်ကို လိုက်နာရမည်ဖြစ်သည်။

အစည်းအဝေးများ၊ သင်တန်းများ ပြန်လည် ကျင်းပခွင့်ရသော်လည်း ပွဲလမ်းသဘင်၊ အခမ်းအနားများကျင်းပခြင်းကို တားမြစ်ထားပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းကို လိုက်နာကြရမည်ဖြစ်သည်။

မူလတန်းအဆင့်အချို့ကို မေလ (၁၈)ရက်နေ့၌ စတင်ဖွင့်လှစ်ပြီး အခြေခံပညာကျောင်းအားလုံးနှင့် တက္ကသိုလ်၊ ကောလိပ်များကို ဇွန်လ (၂)ရက်နေ့၌ ဖွင့်လှစ်မည်ဖြစ်ကာ ရောဂါကာကွယ်ရေးစည်းမျဉ်းများ လိုက်နာရမည်ဖြစ်သည်။

လုပ်ငန်းခွင်များအားလုံးကို ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ခွင့်ပေးလိုက်ပြီဖြစ်သော်လည်း ညဈေး၊ ဘီယာဆိုင်၊ နိုက်ကလပ်၊ အွန်လိုင်းဂိမ်းဆိုင်၊ ကာရာအိုကေ၊ ရုပ်ရှင်ရုံ၊ ကာစီနို၊ အားကစားပြိုင်ပွဲများ၊ လူစုလူဝေးများစွာဖြင့် ကျင်းပမည့် အခမ်းအနားများကို ခွင့်မပြုသေးသည့်အပြင် နယ်စပ်ဂိတ်အားလုံးကို ဆက်ပိတ်ထားမည်ဖြစ်သည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~