မကွေးမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်နှင့် လျှပ်စစ်မီးတိုင်များ ပြိုကျပြီး နေအိမ်အမိုးလန်

မကွေးမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်နှင့် လျှပ်စစ်မီးတိုင်များ ပြိုကျပြီး နေအိမ်အမိုးလန်
မေ 7, 2020
By Tachileik News Agency
မကွေးမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်နှင့် လျှပ်စစ်မီးတိုင်များ ပြိုကျပြီး နေအိမ်အမိုးလန်

မကွေးမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်နှင့် လျှပ်စစ်မီးတိုင်များ ပြိုကျပြီး လူနေအိမ်အချို့ အမိုးလန်ပျက်စီးသွားကြောင်း သိရသည်။

၂၀၂၀ခုနှစ် မေလ(၆)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က (၁၀)မိနစ်ဝန်းကျင် အကြာ ဖြစ်ပွားသည့် မိုးသက်လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် မကွေးမြို့၏ အဓိက လမ်းမကြီးများပေါ်မှ သစ်ပင်ကြီးများ ပြိုလဲပဲ့ကျခြင်းများဖြစ်ပေါ်ပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပွားကာ မကွေးမြို့တွင်း ပေးသော ၃၃ ကေဗွီ မကွေး ပင်မလိုင်း မှ လျှပ်စစ်မီးတိုင် (၇)တိုင်ဝန်းကျင် ကျိုးကျခြင်းများကြောင့်လည်း လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

တောင်တွင်းလမ်းနဲ့ နတ်မောက်လမ်းတို့လို အဓိက လမ်းမကြီးတွေပေါ်က သစ်ပင်ကြီးတွေပြိုလဲကျတာကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့ရပါတယ်။ လမ်းပြန်ပွင့်အောင်လို့ စည်ပင်က အင်အား (၈၀)ဝန်းကျင်နဲ့ ချက်ချင်း ခုတ်ထွင်ရှင်းလင်းလို့ လမ်းတွေပြန်ပွင့်ပါပြီ။ ကြာပန်းအဝိုင်းက ဆိုင်းဘုတ်၊ လမ်း(၅)သွယ်ကဆိုင်းဘုတ်၊ ဗိုလ်ချုပ်လမ်းဆုံက ဆိုင်းဘုတ်ကြီးတွေ ကျိုးကျပြိုလဲမှုတွေဖြစ်ပွားပြီး လူနေအိမ်အချို့ အမိုးလန်ပျက်စီးမှုတွေရှိခဲ့ပေမယ့် လူနဲ့ တိရစ္ဆာန်ထိခိုက်သေဆုံးမှုတော့ မကြားရပါဘူး

ဟု မကွေးမြို့ နယ်စည်ပင် ဒုတိယဦးစီးမှူး ဦးအောင်မျိုး သိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သစ်ပင်ကြီးများလဲပြိုကျမှုကြောင့် အဓိက လမ်းမကြီးအချို့ ပိတ်ဆို့ကုန်သဖြင့် စည်ပင်သာယာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ က အချိန်နဲ့ တပြေးညီခုတ်ထွင်ရှင်းလင်းခဲ့ကြသဖြင့် လမ်းများပြန်လည်ပွင့်လာပြီဖြစ်သော်လည်း လျှပ် စစ်မီးမှာမူ ယနေ့ မေလ(၇)ရက်နေ့အထိ ပြတ်တောက်လျှက်ရှိနေကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် မကွေးတိုင်းဆင်ပေါင်ဝဲမြို့တွင်လည်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားစေတီအချို့ ထီးတော်မြေခခြင်း၊ သာသနိကအဆောက်အဦအချို့၊ လူနေအိမ် အချို့နှင့် စာသင်ကျောင်းအချို့တို့ အမိုးလန် ပျက်စီးခြင်း ကမ်းနားတွင်ဆိုက်ကပ်ထား သည့် လှေအချို့ ရေနစ်မြုပ်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - ZTY


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~