အမှိုက်စွန့်ပစ်ရန် အခက်အခဲဖြစ်ပါက စည်းကမ်းမဲ့ စွန့်ပစ်ခြင်းမပြုဘဲ စည်ပင်သို့ ဆက်သွယ်ရန် တိုက်တွန်း

အမှိုက်စွန့်ပစ်ရန် အခက်အခဲဖြစ်ပါက စည်းကမ်းမဲ့ စွန့်ပစ်ခြင်းမပြုဘဲ စည်ပင်သို့ ဆက်သွယ်ရန် တိုက်တွန်း
ဇန်နဝါရီ 21, 2020
By Tachileik News Agency

 အမှိုက်စွန့်ပစ်ရန် အခက်အခဲဖြစ်ပါက စည်းကမ်းမဲ့ စွန့်ပစ်ခြင်းမပြုဘဲ စည်ပင်သို့ ဆက်သွယ်ရန် တိုက်တွန်း

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် မြို့တွင်းမှ နေ့စဉ် အမှိုက်တန်ချိန် (၆၀)ဝန်းကျင်ကို ပုံမှန်သိမ်းဆည်း ပေးနေသော်လည်း စည်းကမ်းမဲ့ စွန့်ပစ်မှုများရှိနေဆဲဖြစ်သည်ကို တွေ့နေရသဖြင့် အမှိုက်စွန့်ပစ်ရန် အခက်အခဲ ဖြစ်ပါက စည်ပင်သာယာရေးဌာနသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 “မကွေးမြို့ပေါ်မှာ ဇုံ(၉)ခုခွဲပြီး ပြည်သူများနေအိမ်ရှေ့အရောက်သိမ်းဆည်းတဲ့ အမှိုက်သိမ်းယာဉ်(၉)စီး၊  မြို့ရဲ့အဓိက မိန်းလမ်းမကြီးများမှာ တံမြက်စည်းလှဲအဖွဲ့က လှဲကျင်းစုပုံပေးထားတဲ့ အမှိုက်တွေကို သိမ်းဆည်းတဲ့ ယာဉ်က (၂)စီး၊ မြို့ပေါ်ဈေး(၅)ခုက အမှိုက်များ သိမ်းဆည်းဖို့အတွက် ယာဉ် (၂)စီး၊ စီးပွားရေး လုပ်ငန်းများက ထွက်ရှိတဲ့ အမှိုက်တွေကို အခကြေးငွေနဲ့ သိမ်းဆည်းပေးတဲ့ ယာဉ်(၁)စီး၊ စုစုပေါင်းအမှိုက် သိမ်းယာဉ် (၁၄)စီးနဲ့ မကွေးမြို့ အမှိုက်သိမ်းလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိနေပါတယ်”

ဟု မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရုံး(စီမံ) ဒုတိယ ဦးစီးမှူး ဦးအောင်မျိုးသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် မကွေးမြို့တွင်းမှ နေ့စဉ်လိုက်လံသိမ်းဆည်းပေးနေသည့် အမှိုက်တန်ချိန်(၆၀)ခန့်အပြင် သိင်္ဂါရပ်ကွက်မှ မြို့ရှောင်လမ်းအထွက်၊ မြို့ရှောင်လမ်းတစ်လျှောက်၊ မြသလွန်ဘုရားပွဲတော်ကွင်းအနီး၊ ဧရာဝတီမြစ်ကမ်းဘက် ကျောက်ရိုးစီရေကာတာ အောက်ဖက်၊ အဝေရာလမ်းရှိ မီးရထားလမ်းကူးနေရာနှင့် အခြားနေရာအချို့တွင် စည်းကမ်းမဲ့စွန့်ပစ်ထားကြသည့် အမှိုက်ပုံများကို အခါအားလျော်စွာ ယာဉ်၊ယန္တယားများဖြင့် ရှင်းလင်းပေးနေရ ကြောင်း သိရသည်။

စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အမှိုက်သိမ်းယာဉ်များတွင် GPS တပ်ဆင်ကာ လုပ်ငန်းဆောင်ရွက်ခြင်းအား စည်ပင်ရုံးမှကွပ်ကဲဆောင်ရွက်နေခြင်းဖြစ်ပြီး အမှိုက်သိမ်းဆည်းရေးကိစ္စများနှင့်ပတ်သက်၍ အသိပေး တိုင်ကြားလိုပါက သန့်ရှင်းရေးဌာနစိတ်တာဝန်ခံ ဖုန်း - ၀၉- ၄၃၁၅၆၇၀၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~