ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မြို့(၃)မြို့တွင် ၂၀၂၄ခုနှစ် မေလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်းများကြောင့် ဒေသခံများ သေဆုံးဒဏ်ရာရမှုများရှိကြောင်း TNLA မှ သတင်းထုတ်ပြန်သည်။
TNLA တပ်မဟာ စစ်ဒေသများအတွင်းရှိ မန်တုံမြို့၊ ကွတ်ခိုင်မြို့နှင့် လားရှိုးမြို့တို့တွင် မေလ (၂)ပတ်အတွင်းတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်းများကြောင့် ဒေသခံ (၅)ဦး သေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAက မေလ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
မေလ (၂) ရက်နေ့တွင် လားရှိုးမြို့နယ် မိုင်းကျက်ရွာတွင် ကိုရင်တစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ ရွာအတွင်း လှည်းဖြင့် အုတ်သယ်နေစဉ် မိုင်းနင်းမိပြီး ပေါက်ကွဲရာ ၎င်းတို့ (၂)ဦးလုံး သေဆုံးသွားကြောင်း သိရသည်။
မေလ (၆) ရက်နေ့တွင် သိန္နီမြို့နယ် ကောင်းဟော်ရွာမှ အမျိုးသား (၂)ဦးသည် ကက်သလစ်ဘုရားကျောင်းအတွင်း သန့်ရှင်းရေးလုပ်နေစဉ် မိုင်းနင်းမိပြီး တစ်ဦးသေဆုံးသွားကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို့အပြင် မယ်ဟန်ရွာမှ ရွာသားတစ်ဦးသည် မီးသွေးဖုတ်ရန်သွားစဉ် (၁)လကျော်ကြာ ပျောက်ဆုံးသွားပြီး မေလ(၉)ရက်နေ့တွင် လိုက်လံရှာဖွေရာ မိုင်းနင်းမိပြီး သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း TNLAမှ ဆိုသည်။
မေလ ၁၂ ရက်နေ့တွင်လည်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတွင် ကလေး (၅)ဦးက မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးအား ကောက်ယူဆော့ကစားရာတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး (၁)ဦးသေဆုံးကာ (၄)ဦး ဒဏ်ရာရရှိခဲ့ပြီး (၂)ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း TNLA မှ သတင်းထုတ်ပြန်သည်။
ထိန်းချုပ်နယ်မြေအတွင်း ထိုမိုင်းများနှင့် တိုက်ပွဲလက်ကျန် စစ်လက်နက်ပစ္စည်းများ တွေ့ရှိပါက ဖယ်ရှားရှင်းလင်းနိုင်ရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAထံ သတင်းပေးပို့ အကြောင်းကြားရန် TNLAမှ အသိပေးထားသည်။
#TachileikNewsAgency
Photo: PSLF/TNLA News