ဘန်ကောက်တွင် ရေနှုတ်မြောင်းအတွင်း ၄ ရက်ကြာ ပိတ်မိနေသည့် အမျိုးသားတစ်ဦးကို ကယ်ဆယ်

ဘန်ကောက်တွင် ရေနှုတ်မြောင်းအတွင်း ၄ ရက်ကြာ ပိတ်မိနေသည့် အမျိုးသားတစ်ဦးကို ကယ်ဆယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရေနှုတ်မြောင်းအတွင်း ၄ ရက်ကြာ ပိတ်မိနေသည့် အမျိုးသားတစ်ဦးကို ကယ်ဆယ်ပြီး ဆေးရုံပို့ထားရကြောင်း ရဲတပ်ဖွဲ့က ၂၀၂၄ ခုနှစ် မေလ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖက်ချာဘူရီဧရိယာရှိ ရေနှုတ်မြောင်း ရေမြောင်းဖုံးအောက်တွင် ပိတ်မိနေသည့် အမျိုးသားကို တွေ့ရှိချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး ရေနှုတ်မြောင်းအတွင်း ရေမှာ ၎င်း၏ ရင်ဘတ်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများက စတီးရေမြောင်းဖုံးကို ကြိုးစားဖွင့်ထုတ်ကြသော်လည်း မရသဖြင့် အဆိုပါအမျိုးသား ပိတ်မိနေသည့်နေရာမှ (၁၀)မီတာအကွာရှိ ပိုက်လိုင်းအဖုံးကိုဖွင့်ကာ လှေကားဖြင့်ဆင်း၍ ကယ်ထုတ်ခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းကို အချိန် (၁)နာရီဝန်းကျင် လုပ်ဆောင်ခဲ့ကြရသည်ဟု သိရသည်။

ရေနှုတ်မြောင်းအတွင်းမှ ဆယ်ယူခဲ့ချိန်တွင် အဆိုပါအမျိုးသားမှာ အင်အားချိနဲ့ ဖြူလျော်နေကြောင်း သိရသည်။

အဆိုပါ အမျိုးသားပိတ်မိနေသည့် ရေမြောင်းအနီးလမ်းတွင် ဖြတ်သွားဖြတ်လာ အများအပြားရှိခဲ့ကြသော်လည်း သတိမထားမိခဲ့ကြကြောင်း သိရသည်။

ယင်းနေ့က မိုးရွာသဖြင့် ၎င်းပိတ်မိနေသည့် ရေနှုတ်မြောင်းဖုံးအနီး ရပ်နားကာ မိုးကာဝတ်နေသူတစ်ဦးက အကူအညီတောင်းသံကို ကြားခဲ့သဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

အသက် (၄၄)နှစ်အရွယ် အဆိုပါအမျိုးသားက ၎င်းအား ဖမ်းဆီးခေါ်ဆောင်ခံရမည့်ဘေးမှ လွတ်ကင်းရန် ပုန်းအောင်းရင်း ရေနှုတ်မြောင်းအတွင်း ပိတ်မိနေခြင်းဖြစ်သည်ဟု ကနဦးထွက်ဆိုထားသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ အမျိုးသားမှာ လုံခြုံရေးအစောင့်တစ်ဦးဖြစ်ပြီး ပြစ်မှုမှတ်တမ်း ကင်းရှင်းသူတစ်ဦးဖြစ်သော်လည်း မူးယစ်ဆေးသုံးစွဲမှုရှိ၊ မရှိကိုလည်း စစ်ဆေးမည်ဟု သိရသည်။

လက်ရှိတွင် မည်သည့်အတွက်ကြောင့် ရေနှုတ်မြောင်းအတွင်း ပိတ်မိနေသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Source: Matichon Online News

#TachileikNewsAgency