မံစီမြို့နယ်ရှိ ဝေလောင်လ တပ်စခန်း KIA သိမ်းပိုက်

မံစီမြို့နယ်ရှိ ဝေလောင်လ တပ်စခန်း KIA သိမ်းပိုက်

ကချင်ပြည်နယ် မံစီမြို့မှ ဂျန်မိုင်ရွာသို့အတက်လမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ ဝေလောင်လ(Wa Lawng La)တပ်စခန်းနှင့် ကာကင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ၂၀၂၄ ခုနှစ် မေလ(၉)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရသည်။

KIA နှင့် ပူးပေါင်းတပ်သည် ပြီးခဲ့သည့်ရက်ပိုင်းကစတင်ကာ ဗန်းမော်မြို့နယ်ရှိ စင်းခန်းတပ်စခန်း၊ မိုးမောက်မြို့ရှိ ခမရ(၄၃၇)တပ်စခန်းများနှင့်တပြိုင်တည်း မံစီမြို့နယ်ရှိ ‌ဝေလောင်လ(Wa Lawng La)တပ်စခန်းကို တိုက်ခိုက်နေခြင်းဖြစ်သည်။

"မံစီမြို့ကနေ ဂျန်မိုင်ရွာသို့အတက် လမ်းပေါ်မှာရှိတာ။ တပ်ရင်းမှူးထိုင်တဲ့ စခန်းကြီးပါ။ ကာကင်းစခန်းကိုလည်းရပြီ။ အသေးစိတ်တော့ မသိရသေးဘူး။"ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။ 

KIA သည် မိုးမောက်၊ မံစီနှင့် ဗန်းမော်မြို့ရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေပြီး ဗန်းမော်မြို့နယ်ရှိ စင်းခန်း စစ်စခန်း၊ ဧရာဝတီမြစ်ကူးတံတားလုံခြုံရေးဂိတ်စခန်း၊ စင်းခန်းချောင်းကူးတံတား လုံခြုံရေးကင်းစခန်း၊ စင်းခန်းနယ်မြေရဲစခန်းနှင့် မိုးမြောက်မြို့ရှိ ခမရ(၄၃၇)တို့ကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် မတ်လ(၇)ရက်နေ့ကစတင်ပြီး ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်နေရာ မြို့(၄)မြို့နှင့် တပ်စခန်း(၈၀) ခန့်ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

#TachileikNewsAgency