မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသော်လည်း နယ်စပ်ကုန်သွယ်မှု တိုးတက်ရန် ထိုင်းနိုင်ငံက ရည်မှန်းထား

မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသော်လည်း နယ်စပ်ကုန်သွယ်မှု တိုးတက်ရန် ထိုင်းနိုင်ငံက ရည်မှန်းထား
By Mr John

ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသည့် မြန်မာ အပါအဝင် နိုင်ငံရေးမတည်ငြိမ်သော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုကို ယခု ၂၀၂၄ ခုနှစ်တွင် (၁) ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း သိရသည်။

 ၂၀၂၃ ခုနှစ်တွင် နယ်စပ်ကုန်သွယ်မှု (၂.၆) ရာခိုင်နှုန်း ကျသွားခဲ့ပြီး ကုန်သွယ်မှု တန်ဖိုး ဘတ် (၁.၇၄) ထရီလီယံသို့ လျော့ကျသွားခဲ့သည်။

ထိုင်းနိုင်ငံကို ဖြတ်သန်းကုန်သွယ်မှု အပါအဝင် နယ်စပ်ကုန်သွယ်မှု အားပြန်ကောင်းလာစေရန် ရည်မှန်းချက်တစ်ရပ် ချမှတ်ထားကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်ပကုန်သွယ်ရေးဌာန၏  အထွေထွေညွှန်ကြားရေးမှူး Ronnarong Phoolpipat က ဆိုသည်။ 

နယ်စပ်ကုန်သွယ်မှုနှင့် နိုင်ငံကို ဖြတ်သန်းကုန်သွယ်မှု အဆင်ပြေချောမွေ့စေရန် ပြည်ပကုန်သွယ်ရေးဌာနက သက်ဆိုင်ရာ အစိုးရဌာနများနှင် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခကြောင့် ထိုင်းနှင့် မြန်မာတို့ကြား နယ်စပ်ကုန်သွယ်မှု ပိုမိုကျဆင်းလာမည်ကို စိုးရိမ်ပူပန်နေကြပြီး မြန်မာနိုင်ငံမှ ပဋိပက္ခက သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကို ထိခိုက်နိုင်ကြောင်းလည်း Ronnarong က ပြောသည်။ 

ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရန် မြန်မာနိုင်ငံရှိ အာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းမှုကို အရှိန်မြှင့် လုပ်ဆောင်ရန်  ပုဂ္ဂလိကကဏ္ဍက ထိုင်းအစိုးရကို အဆိုပြုထားသည်။

ထိုင်းနှင့် မြန်မာကြား ကုန်သွယ်မှုမှာ ၂၀၂၄ ခုနှစ် မတ်လတွင် အမေရိကန်ဒေါ်လာ (၁၉.၇) ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ကထက် (၁၀.၃) ရာခိုင်နှုန်း လျော့နည်းသွားခဲ့သည်။ ပို့ကုန်တန်ဖိုးမှာ ဘတ် (၁၁.၂) ဘီလီယံရှိပြီး (၁၄.၃) ရာခိုင်နှုန်း ကျဆင်းသွားကြောင်းနှင့် သွင်းကုန်တန်ဖိုးမှာလည်း ဘတ် (၈.၅၂) ဘီလီယံဖြစ်ရာ (၄.၄၅) ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ဝန်ကြီးဌာန၏ အချက်အလက်များအရ နယ်စပ်ကုန်သွယ်မှုနှင့် နိုင်ငံကို ဖြတ်သန်းကုန်သွယ်မှု တန်ဖိုးမှာ ၂၀၂၄ ခုနှစ် ပထမ (၃) လပတ်တွင် ဘတ် (၄၂၂) ဘီလီယံရှိပြီး ယခင်နှစ်ကထက် (၂.၄) ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ ပို့ကုန်တန်ဖိုးမှာ ဘတ် (၂၃၄) ဘီလီယံရှိပြီး (၂.၇) ရာခိုင်နှုန်း ကျဆင်းသွားကြောင်းနှင့် ပို့ကုန်တန်ဖိုးမှာလည်း ဘတ် (၁၈၈) ဘီလီယံရှိပြီး (၂.၁) ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

Source: Bangkok Post