အမေရိကန်မြေမှာ ပြန်ဆုံကြမည့် ဘာစီလိုနာအသင်းဖော်ဟောင်း (၂) ဦး

အမေရိကန်မြေမှာ ပြန်ဆုံကြမည့် ဘာစီလိုနာအသင်းဖော်ဟောင်း (၂) ဦး

အမေရိကန် မေဂျာလိဂ် Major League Soccer (MLS) ဘောလုံးကလပ်အသင်း အင်တာမိုင်ယာမီက စပိန်ထိပ်သီး ဘာစီလိုနာအသင်း၏ အသင်းခေါင်းဆောင် ဆာဂျီယိုဘက်စ်ကွက်ကို  ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာသည်။

 အင်တာမိုင်ယာမီတွင် ဘာစီလိုနာ အသင်းဖော်ဟောင်းများဖြစ်သည့် လီယွန်နယ် မက်ဆီနှင့် ဘက်စ်ကွက်တို့ ပြန်ဆုံကြမည် ဖြစ်သည်။

အသက် (၃၄) နှစ်အရွယ် ဘက်စ်ကွက်က ဘာစီလိုနာအသင်းတွင် (၁၈) နှစ်ကြာ ကစားခဲ့ပြီးနောက် ထွက်ခွာတော့မည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် မေလအတွင်း ကြေညာခဲ့သည်။ 

ကွင်းလယ်ကစားသမား ဘက်စ်ကွက်နှင့် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီတို့ အမေရိကန်ကလပ်တွင် အတူတွဲကစားကြသည်ကို မြင်တွေ့လာရမည် ဖြစ်သည်။

အသက် (၃၅) နှစ်အရွယ် မက်ဆီက ပြင်သစ်ကလပ် PSG မှ ထွက်ခွာပြီး အင်တာမိုင်ယာမီသို့ ပြောင်းရွှေ့ကစားမည်ဟု ၂၀၂၃ ခုနှစ် ဇွန်လအတွင်း အတည်ပြုထားသည်။ 

မက်ဆီနှင့် ဘက်စ်ကွက်တို့မှာ ဘာစီလိုနာတွင် ၂၀၀၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဘောလုံးရာသီ (၁၃) ခု အတူကစားခဲ့ကြသူများလည်း ဖြစ်သည်။ 

၎င်းတို့ (၂) ဦးက ဘာစီလိုနာနှင့်အတူ ချန်ပီယံလိဂ်ဖလား (၃) ကြိမ်၊ လာလီဂါဖလား (၈) ကြိမ်နှင့် စပိန်ဘုရင့်ဖလား (၆) ကြိမ် ရရှိခဲ့သည်။

မက်ဆီနှင့် ဘက်စ်ကွက်တို့ (၂) ဦးလုံးကို ဆော်ဒီအာရေဗီးယား ဘောလုံးကလပ်မှ ကမ်းလှမ်းမှုများရှိခဲ့သော်လည်း ၎င်းတို့က အင်္ဂလန်နှင့် မန်ချက်စတာယူနိုက်တက် ဘောလုံးကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်သည့် အင်တာမိုင်ယာမီတွင် ကစားရန် ရွေးချယ်ခဲ့ကြသည်။ 

စပိန်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်သူ ဘက်စ်ကွက်က ဘာစီလိုနာအတွက် ပွဲစဥ်ပေါင်း (၇၂၂) ပွဲ ကစားခဲ့ပြီး ကလပ်အသင်း၏ သမိုင်းတွင် တတိယမြောက် ပွဲထွက်အများဆုံး ကစားသမားဖြစ်သည်။

ဘက်စ်ကွက်က ဘာစီလိုနာကို (၂၀၀၅) ခုနှစ်တွင် လူငယ်အသင်း ကစားသမားအဖြစ် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ 

စပိန်လက်ရွေးစင် အသင်းခေါင်းဆောင်လည်းဖြစ်သူ ဘက်စ်ကွက်က နိုင်ငံအသင်း ကစားသမားအဖြစ်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အနားယူခဲ့သည်။ 

၎င်းက စပိန်အသင်းနှင့်အတူ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားနှင့် ၂၀၁၂ ခုနှစ် ဥရောပဖလားတို့ကို ရရှိခဲ့သည်။

#TachileikNewsAgency

Source: The Sun