ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ် ၃၀၀ ကျော်တိုက်ခိုက်ခဲ့ရာ တနိုင်ငံလုံးတွင် လေကြောင်းအသုံးပြုမှု အများဆုံးဖြစ်

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ် ၃၀၀ ကျော်တိုက်ခိုက်ခဲ့ရာ တနိုင်ငံလုံးတွင် လေကြောင်းအသုံးပြုမှု အများဆုံးဖြစ်

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ (၃၂၃)ကြိမ် ပြုလုပ်ခဲ့ကာ တစ်နိုင်ငံလုံး တိုက်ပွဲများအတွင်း လေကြောင်းတိုက်ခိုက်မှု အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ဂျက်တိုက်လေယဉ်ဖြင့် (၉၉)ကြိမ်၊ Y12 ဖြင့် (၉၉)ကြိမ်၊ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် (၇၅)ကြိမ်၊ Y12 ဖြင့် ရိက္ခာလက်နက်ပို့ဆောင်မှု (၁၁)ကြိမ်၊ Mi17ဖြင့် စစ်ကူချမှု (၁၈)ကြိမ်၊ ဂျက်တိုက်လေယဉ်၊ Mi35၊ Mi17နှင့် Y12တို့ဖြင့် ပျံဝဲကင်းထောက်မှု (၂၁) ကြိမ် ပြုလုပ်ခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များက ဆိုသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၇) ရက်နေ့မှ စတင်ကာ GZ မျိုးဆက်တပ်တော် (GZA)သည် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့များ၊ ယောကာကွယ်ရေးတပ်-YDF၊ LPDF၊ PDF၊ AA မဟာမိတ်များနှင့်အတူ (၅၄)ရက်ကြာ တိုက်ခိုက်ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်ခြင်းကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးသူများခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာကိုလည်း တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ်၌ မတ်လအတွင်း စခန်းသိမ်းတိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ်(၁၀၀)ကျော်ရှိခဲ့ပြီး Y21၊ Mi 35 အမျိုးအစား ရဟတ်ယာဥ်များ အသုံးပြုတိုက်ခိုက်ခဲ့သည်။ 

                    

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တိုက်ပွဲတွင် (၇၈) ကြိမ်ထက်မနည်း အများဆုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ စစ်ကိုင်းတိုင်း ကောလင်း မြို့သိမ်းတိုက်ပွဲအတွင်း အကြိမ်ရေ (၅၀) ထက်မနည်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။      

ရှမ်းပြည်နယ်အတွင်းရှိ မြို့သိမ်းတိုက်ပွဲများအတွင်း အများဆုံး ဗုံးကြဲတိုက်ခိုက်ခံရမှာ ဆီဆိုင်မြို့သိမ်းတိုက်ပွဲဖြစ်ပြီး အကြိမ်ရေ (၁၆၇)ကြိမ်ထက်မနည်း လေကြောင်းမှတိုက်ခိုက်ခဲ့သည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီတပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုမှာ (၁၃၃၉)ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်း (၃၀၂)ကြိမ်၊ စစ်ကိုင်းတိုင်းအတွင်း (၂၇၉)ကြိမ်နှင့် ကချင်ပြည်နယ်အတွင်း (၁၉၁)ကြိမ်ရှိခဲ့သည်။ 

တိုက်ခိုက်မှုများအတွင်း အရပ်သားနေအိမ် အဆောက်အအုံများ အပါအဝင် ပြည်သူပိုင် အဆောက်အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း စစ်ကောင်စီ၏ လေကြောင်းအသုံးပြုတိုက်ခိုက်မှုအား စာရင်းကောက်ယူပြုစုထားသည့် အဖွဲ့အစည်းထံမှ သိရသည်။

#TachileikNewsAgency