တိုက်ပွဲဆင်နွှဲရတော့မည်ဟု SSPP ဒုဥက္ကဌပြော

တိုက်ပွဲဆင်နွှဲရတော့မည်ဟု SSPP ဒုဥက္ကဌပြော

ဒီမိုကရေစီရရှိရန် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်းမရှိတော့ခြင်းကြောင့် တိုက်ပွဲဖြစ်ရတော့မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA) ဒုတိယ ဥက္ကဋ္ဌ၊ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်ကပြောကြောင်း SSPPက ယနေ့ ၂၀၂၄ ခုနှစ် မေလ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်မှန်သည့် ပြည်ထောင်စု နိုင်ငံတော် တည်ထောင်နိုင်ရန် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို မဟာလူမျိုးကြီးဝါဒကျင့်သုံးသည့် စစ်အုပ်စုအဆက်ဆက်က လစ်လျူရှု ပစ်ပယ်ကာ တပြည်ထောင်စနစ် တည်ဆောက်ခဲ့သောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တွေဝေနေလို့ မဖြစ်တော့ပါဘူး။ အခု ကျွန်တော်တို့ ဖြစ်ချင်တာက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်းစဉ်ဟာ လုံးဝမရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မနက်ဖန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖန် အခက် မကြုံဖို့အတွက် ဒီနေ့ ရုန်းကန်ရပါမယ်”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောသည်။

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရေးအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ဉီးဆောင်မှုအောက်မှ ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ အပါအဝင် ပြည်သူလူထု အားလုံး ကြိုးစား တိုက်ပွဲဝင်ကြရန်လည်း တိုက်တွန်းထားသည်။

“နိုင်ငံရေးကို နိုင်ငံရေးလမ်းစဉ်နဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးခဲ့တာ ပင်လုံစာချုပ် စချုပ်ကထဲကနေဆို နှစ်ပေါင်း ၇၇ နှစ်ကြာပါပြီ။ စစ်အုပ်စု အဆက်ဆက်က တိုင်းရင်းသား လူနည်းစုတွေကို ဝါးမြိုပြီး ပင်လုံစာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့အချက်တွေကို မလိုက်နာခဲ့ကြပါဘူး။ စစ်ကောင်စီ အာဏာသိမ်းပြီး နောက်မှာလဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ စားပွဲဝိုင်းပေါ် ဆွေးနွေး ညှိနှိုင်းအဖြေရှာဖို့ နည်းလမ်းတွေ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ အခြေအနေ လုံးဝ မပေးနိုင်တော့တဲ့အဆုံး လက်နက်ကိုင် တော်လှန်မယ့် လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောသည်။

SSPP/SSA သည် ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ် စာချုပ်များ လက်မှတ်ရေးထိုးခဲ့သော် လည်း စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းများရှိခဲ့သည်။ 

၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဌာနချုပ်ရှိရာ ဝမ်ဟိုင်းကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ(၂၄)ရက်နေ့က သျှမ်းပြည်တပ်မတော် SSA ထူထောင်ခြင်း နှစ်(၆၀)ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်ဖြစ်သည့် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းတွင် ကျင်းပခဲ့ရာ အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့သည်။

#TachileikNewsAgency