နမ္မတူမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၈၀)ကျော် ပျက်စီး

နမ္မတူမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၈၀)ကျော် ပျက်စီး

ရှမ်းပြည်နယ် နမ္မတူမြို့နယ်အတွင်း ၂၀၂၄ခုနှစ် မေလ (၁)ရက်နေ့ နံနက်ပိုင်း (၁၀)နာရီတွင် လေဆင်နှမောင်းနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်(၈၀)ကျော် ပျက်စီးခဲ့ရသည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနကထုတ်ပြန်သည်။

မေလ(၁)ရက်နေ့ နံနက်ပိုင်းတွင် မိုးရွာသွန်းပြီး လေဆင်နှမောင်း (၁၅)မိနစ်ခန့်ကြာ တိုက်ခတ်မှုကြောင့် နမ္မတူမြို့နယ်ရှိ နေအိမ်များ၊ ဘုန်းကြီးကျောင်းနှင့် ဘာသာရေး အဆောက်အဦးများ စုစုပေါင်း (၈၀)ကျော် ပျက်စီးခဲ့ရကြောင်း သိရသည်။

"အများဆုံး ပျက်စီးတာက ပန်ဟိုက်ရပ်ကွက်နဲ့ သတ္တုတွင်းရပ်ကွက်မှာပေါ့၊ အိမ်ခေါင်မိုးလှန်၊ သစ်ပင်တွေ လှဲကျိုးတာရှိတယ်။ များများပျက်တာနဲ့ နည်းနည်းပျက်တာ အာလုံး (၈၀)လောက်ရှိမယ်၊ လူထိခိုက်တာတော့ မရှိဘူး"ဟု နမ္မတူမြို့နယ် သတ္တုတွင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်ဟု TNLAက ဆိုသည်။

လေပြင်းတိုက်ခတ်မှုကြောင့် နမ္မတူမြို့ ပန်ဟိုက်ဘက်ခြမ်း ရပ်ကွက်-၂၊၃၊၄၊၉၊၁၀ နှင့် သတ္တုတွင်းဘက်ခြမ်း ရပ်ကွက်-၅၊၆၊၇ တို့တွင် အများဆုံး ပျက်စီးခဲ့ပြီး အခြားရပ်ကွက်များတွင်လည်း အိမ်ခေါင်မိုးလှန်ခြင်းနှင့် ပျက်စီးမှု အနည်းငယ် ရှိခဲ့သည်ဟု သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် နမ္မတူမြို့ ရပ်ကွက်အတွင်းရှိ ပျက်စီးသွားသည့် နေအိမ်များကို နမ္မတူမြို့ PSLF/TNLA၏  စည်ပင်သာယာရေးအဖွဲ့မှ လူအင်အား (၁၅)ဦးနှင့် ရပ်မိရပ်ဖများက လိုက်လံကူညီဆောင်ရွက်ပေးခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ (၂၄)ရက်နေ့တွင်လည်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သီပေါမြို့နယ်၊ နောင်အန်ကျေးရွာတွင် နေအိမ် (၂၀)ကျော် ပျက်စီးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News