အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်တွင် အလွန်ပူပြင်းမှုကြောင့် ကျောင်း နှင့် ကောလိပ်များ ပိတ်ထားရ

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်တွင် အလွန်ပူပြင်းမှုကြောင့် ကျောင်း နှင့် ကောလိပ်များ ပိတ်ထားရ
By Mr John

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်တွင် အပူချိန်များ အလွန်မြင့်တက်နေမှုကြောင့် ကျောင်းများနှင့် ကောလိပ်  အားလုံးကို ၂၀၂၄ ခုနှစ် မေလ (၆) ရက်နေ့အထိ ပိတ်ထားလိုက်ပြီး ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများ နေပူထဲတွင် သွားလာလှုပ်ရှားမှု လျှော့ချကြရန်နှင့် တောမီးလောင်မှု ကာကွယ်ရေး သတိပြုကြရန် တိုက်တွန်းထားသည်။

အိန္ဒိယ၏ နေရာဒေသ အများစုတွင် အပူချိန်များ မြင့်တက်နေပြီး ပုံမှန်မဟုတ်သော အပူလှိုင်း နေ့ရက်များကို ဧပြီလမှ ဇွန်လအထိ ကြုံတွေ့ရမည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်။ 

ကီရာလာပြည်နယ်တွင် အပူလှိုင်းဖြစ်ပေါ်မှု ရှားပြီး အိန္ဒိယမိုးလေဝသဌာန India Meteorological Department (IMD) မှ အချက်အလက်များအရ ၂၀၂၄ ခုနှစ် ဧပြီလတွင်မူ အပူလှိုင်းနေ့ရက် (၅) ရက် ကြုံခဲ့ကြောင်း သိရသည်။

အယ်လ်နီညို ရာသီဥတုဖြစ်စဥ်ကြောင့် ပိုမိုပူပြင်းနေကြောင်း IMD က ၂၀၂၄ ခုနှစ် မေလ (၁) ရက်နေ့တွင် ပြောသည်။ 

အယ်လ်နီညို ကာလအတွင်း အာရှဒေသတွင် ပူပြင်းခြောက်သွေ့ပြီး အမေရိကတွင် မိုးသည်းထန်သော မိုးလေဝသ အခြေအနေ ကြုံတွေ့ရသည်။ 

အလွန်ပူပြင်းနေမှုကြောင့် အများပြည်သူ အနေဖြင့် နေပူထဲတွင် သွားလာလှုပ်ရှားမှု လျှော့ချရန် ကီရာလာပြည်နယ် အစိုးရက ၂၀၂၄ ခုနှစ် မေလ (၂) ရက်နေ့တွင် ညွှန်ကြားခဲ့ပြီး အာဏာပိုင်များကိုလည်း မီးလောင်မှု မဖြစ်ပွားစေရေး အခြေအနေများကို စောင့်ကြည့်ကြရန် တိုက်တွန်းထားသည်။

အိန္ဒိယ ပြည်တွင်းမီဒီယာ၏ ဖော်ပြမှုအရ ကီရာလာပြည်နယ်တွင် ယခု သီတင်းပတ် အစောပိုင်း၌ အနည်းဆုံး လူ (၂) ဦး သေဆုံးခဲ့ကြောင်း၊ သို့သော် ထိုသေဆုံးမှုများမှာ အလွန်ပူပြင်းမှုကြောင့်ဟုတ် မဟုတ်ကို အာဏာပိုင်များက အတည်မပြုသေးကြောင်း သိရသည်။ 

၂၀၂၄ ခုနှစ် မေလ (၂) ရက်နေ့၌ ကီရာလာပြည်နယ်၏ မြို့တော် Thiruvananthapuram ၏ အပူချိန်မှာ (၃၅) ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့သော်လည်း အပူဒဏ် ခံစားရမှုမှာ (၄၆) ဒီဂရီဆဲလ်စီးယပ်ကဲ့သို့ ဖြစ်ကြောင်း IMD က ဆိုသည်။

အိန္ဒိယနှင့် အိမ်နီးချင်း မြန်မာနိုင်ငံတွင်မူ အလယ်ပိုင်းဒေသရှိ မြို့အများစုမှာ ကမ္ဘာ့အပူဆုံးမြို့များ စာရင်းတွင် ပါဝင်နေပြီး အပူလွန်ကဲမှုကြောင့် အသက်ဆုံးရှုံးရသည့် ဖြစ်စဥ်များ မြို့ကြီးအများစု၌  ဖြစ်ပွားလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၄ ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အပူချိန် အလွန်အမင်း မြင့်တက်လာနေပြီး ၂၀၂၄ ခုနှစ် ဧပြီလ (၃၀) ရက်နေ့မှစ၍ လာမည့် ရက်သတ္တပတ်အတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အပူချိန်ပြောင်းလဲမှုများ ကြုံတွေ့ရနိုင်သည်ဟု ဆိုသည်။

 

Source: Reuters