သထုံမြို့နယ်အတွင်း စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၁)ဦး သေဆုံးကာ ရော်ဘာခြံ (၁၅)ဧက မီးလောင်ပျက်စီး

သထုံမြို့နယ်အတွင်း စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၁)ဦး သေဆုံးကာ ရော်ဘာခြံ (၁၅)ဧက မီးလောင်ပျက်စီး

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ သထုံမြို့နယ်အတွင်း စစ်ကောင်စီ (အမတ-၄၀၂)တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား (၁)ဦး သေဆုံးကာ ရော်ဘာခြံ (၁၅)ဧက မီးလောင်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့ ၂၀၂၄ ဧပြီလ (၂၉)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ (အမတ-၄၀၂) တပ်စခန်းမှ ဧပြီလ (၂၇)ရက်နေ့  ည (၉)နာရီ (၅၀)မိနစ်တွင် လက်နက်ကြီး(၂)လုံး ပစ်ခတ်ရာ ဓနုကျေးနယ်၊ ဓါးရိုးရွာအနီးရှိ အရပ်သားပြည်သူ လုပ်ငန်းခွင်ထဲ ကျရောက်ပေါက်ကွဲပြီး ကွမ်းခြံလုပ်ငန်းလုပ်ကိုင်နေသည့် အသက် (၆၇)နှစ်အရွယ် နောင်ဘိုရွာသား တီးရိုးအား လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့သည်။

ဧပြီလ (၂၇)ရက်နေ့  မွန်းလွဲ (၁)နာရီ (၃၀)မိနစ်တွင် အင်းရှည်ရွာအခြေစိုက် ၎င်းတပ်စခန်းမှ လက်နက်ကြီး (၂)လုံး ပစ်ခတ်ရာ သထုံမြို့နယ်၊ ကော့လှိုင်းကျေးနယ်၊ ကော့လှိုင်းရွာအနောက်ဘက် ဒေသအခေါ်(ဃို့ဖိုးကော်ကုန်း)ရှိ အရပ်သားပြည်သူလုပ်ငန်းခွင်ထဲ ကျရောက်ပေါက်ကွဲပြီး ကော့လှိုင်းရွာနေ တီးဂီလိ ပိုင်သော ရော်ဘာခြံ (၁၀)ဧကနှင့် စောမောင်ကသဲ ပိုင်သော ရော်ဘာခြံ (၅)ဧကတို့ မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလ (၂၇)ရက်နေ့  နံနက် (၁၁)နာရီ (၂၀)မိနစ်ခန့်တွင်လည်း စစ်ကောင်စီ (ခမရ-၉)တပ်စခန်းမှ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency

Photo: KNU