"စောင့်ပက်" နှင့် “စကားလေးတစ်ခွန်းပဲဖြေ ချစ်လား” တေးသီချင်း သီဆို သရုပ်ဆောင်သူ Brown နှင့် ချန်လုံး အပြင် ပါဝင်သူအားလုံးကို အမှုဖွင့်

"စောင့်ပက်" နှင့် “စကားလေးတစ်ခွန်းပဲဖြေ ချစ်လား” တေးသီချင်း သီဆို သရုပ်ဆောင်သူ Brown နှင့် ချန်လုံး အပြင် ပါဝင်သူအားလုံးကို အမှုဖွင့်
ဧပြီ 29, 2024 | မှုခင်းသတင်း

 မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပတရားကင်းမဲ့သည်ဟု သတ်မှတ်ကာ "စောင့်ပက်" နှင့်  “စကားလေးတစ်ခွန်းပဲဖြေချစ်လား”  တေးသီချင်း သီဆို ဖျော်ဖြေ သရုပ်ဆောင်သူ နှင့် ပါဝင်ပတ်သက်သူ အားလုံးကို ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)ဖြင့် အမှုဖွင့်လိုက်ကြောင်း စစ်ကောင်စီက ၂၀၂၄ခုနှစ် ဧပြီလ(၂၈)ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာလာသည်။

အဆိုတော် Brown သီဆိုထားသည့် “စကားလေးတစ်ခွန်းပဲဖြေချစ်လား”သီချင်းတွင် သီဆိုသူ အပါအဝင် သရုပ်ဆောင်များနှင့် ဂီတမှူးတို့ကို လည်းကောင်း၊ အဆိုတော် ချန်လုံး သီဆိုထားစသည့် "စောင့်ပက်" တေးသီချင်ကို သီဆိုထားသူ အပါအဝင် အကအဖွဲ့ ၊ တေးရေးကနေ Music Mixing ပြုလုပ်သူများကို လည်းကောင်း အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“စကားလေးတစ်ခွန်းပဲဖြေချစ်လား”တေးသီချင်းနှင့် ပတ်သက်ပြီး အဆိုတော် Brown က တေးသီချင်းဗီဒီယိုကို ဝေဖန်မှုများ ပြင်းထန်လာ၍ အင်တာနက်ပေါ်ကနေ ပြန်လည်ဖြုတ်ချလိုက်ပြီး ပုံစံတစ်မျိုးဖြင့် ပြန်လည် ရိုက်ကူးပြီး ပြန်လည် ဖြန့်ဝေလိုက်သော်လည်း ပထမ တေးသီချင်းဗီဒီယိုအရ ၎င်းကို အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ပထမဆုံးအကြိမ်အနေဖြင့်  “ဘီယာဗိုက်” တေးသီချင်းဗီဒီယို တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သော အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေ နှင့် အခြားသက်ဆိုင်သူများအား ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ - ၃၃(က)ဖြင့် ၂၀၂၄ခုနှစ် ဧပြီလ(၄)ရက်နေ့က အမှုဖွင့်လိုက်ပြီးနောက် ယခု တေးသီချင်းဗီဒီယိုကို အမှုဖွင့်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်လာသည်။ 

"လူမှုကွန်ရက်တွင် “ဘီယာဗိုက်”အမည်ဖြင့် အရှက်သိက္ခာ ကင်းမဲ့စွာ တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သော အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေ နှင့် အခြားသက်ဆိုင်သူများအား ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ - ၃၃(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီးကြောင်း" စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၄ခုနှစ် ဧပြီလ(၄)ရက်နေ့တွင် အသိပေးကြေညာလာသည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ၏  ပုဒ်မ - ၃၃(က)တွင် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ပါက အရေးယူနိုင်ပြီး ပြစ်မှုပြစ်ဒဏ်အဖြစ် အနည်းဆုံး ထောင်ဒဏ် (၇)နှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ် (၁၅)နှစ်အထိ  ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

အနုပညာရှင်များအနေဖြင့် မိမိထင်ပေါ်ကျော်ကြားမှု ရရှိစေရေးအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် ရိုက်ကူးတင်ဆက်မှုမျိုးကို ရုပ်ရှင်၊ ဂီတ နှင့် သဘင် စသည့် အစည်းအရုံးများအနေဖြင့် ထိန်းကျောင်း ကြပ်မတ်ပေးရန် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၄ခုနှစ် ဇန်နဝါရီ(၁၃)ရက်ကတည်းက သတိပေးထားမြစ်ထားကြောင်း သိရသည်။