ထိုင်းနိုင်ငံတွင် ဧပြီလ (၂၉) ရက်မှ မေလ (၅) ရက်အထိ အလွန်ပူပြင်းမည်

ထိုင်းနိုင်ငံတွင် ဧပြီလ (၂၉) ရက်မှ မေလ (၅) ရက်အထိ အလွန်ပူပြင်းမည်
By Mr John

 ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းလွင်ပြင်များနှင့် အရှေ့ပိုင်းတို့တွင် ၂၀၂၄ ခုနှစ် ဧပြီလ (၂၉) ရက်နေ့မှ မေလ (၅) ရက်နေ့အထိ အလွန်ပူပြင်းသော ရာသီဥတုကို ကြုံတွေ့ရမည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားပြီး မြောက်ပိုင်းဒေသများတွင် ၂၀၂၄ ခုနှစ် ဧပြီလ (၂၉) ရက်နေ့၌ အပူချိန်များ (၄၃) ဒီဂရီဆဲလ်စီးယပ်အထိ အမြင့်ဆုံး ရောက်ရှိနိုင်ကြောင်း သိရသည်။

အပူချိန်များ မြင့်တက်မှုမှာ လေဖိအားနည်း ရပ်ဝန်းကြောင့်ဖြစ်ပြီး မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများတွင် ၂၀၂၄ ခုနှစ် ဧပြီလ (၂၂) မှ (၂၈) ရက်အထိ  လေဖိအားနည်းရပ်ဝန်း ဆက်လက် တည်ရှိနေနိုင်ကြောင်း ခန့်မှန်းထားသည်။

 မိုးလေဝသ အခြေအနေမှာ အလွန်ပူပြင်းပြီး အုံ့မှိုင်းနေမည်ဟု ခန့်မှန်းထားကြောင်းလည်း သိရသည်။

၂၀၂၄ ခုနှစ် ဧပြီလ (၂၉) ရက်နေ့ အပူချိန်များမှာ မြောက်ပိုင်းတွင် (၄၃) ဒီဂရီဆဲလ်စီးယပ်၊ အလယ်ပိုင်းလွင်ပြင်တွင် (၄၂) ဒီဂရီဆဲလ်စီးယပ်၊ ဘန်ကောက်မြို့တော်ဧရိယာ၊ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် (၄၁) ဒီဂရီဆဲလ်စီးယပ်နှင့် တောင်ပိုင်းတွင် (၄၀) ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလဝသဌာနက ပြောသည်။

ပြည်သူများအနေဖြင့် ဖြစ်နိုင်ပါက နေအိမ်ပြင်ပတွင် အချိန်ကြာရှည် သွားလာလှုပ်ရှားမှု ရှောင်ကြဥ်ကြရန် မိုးလေဝသဌာနက အကြံပြုထားသည်။ 

အရှေ့တောင်ဘက်နှင့် တောင်ဘက်မှ လေတိုက်ခတ်မှုကြောင့် ဒေသအချို့တွင် မိုးသက်မုန်တိုင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း ခန့်မှန်းထားသည်။ 

အက်ဒမန်ပင်လယ်ပြင်နှင့် တောင်ပိုင်းတို့တွင် အနောက်ဘက်နှင့် အနောက်မြောက်ဘက်မှ လေတိုက်ခတ်မှုကြောင့် တောင်ပိုင်းရှိ အောက်ဘက်ဒေသများ၌ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ပြောသည်။

ထိုင်းနိုင်ငံတွင် ယခု ၂၀၂၄ ခုနှစ်အတွင်း အပူဒဏ်ကြောင့် လူ (၃၀) ဦး သေဆုံးခဲ့ပြီးဖြစ်သည်ဟု ထိုင်းအစိုးရက ပြောကြောင်း AFP သတင်းအရ သိရသည်။ 

ဘန်ကောက်မြို့တွင် အပူချိန် (၅၂) ဒီဂရီဆဲလ်စီးယပ်အထက်သို့ မြင့်တက်မည်ဟု ခန့်မှန်းထားကြောင်းလည်း ဘန်ကောက်အာဏာပိုင်များက သတိပေးထားသည်။

ထိုင်းနှင့်အိမ်နီးချင်း မြန်မာနိုင်ငံတွင်လည်း ၂၀၂၄ ခုနှစ် ဧပြီလမှစ၍ အပူချိန်များ သိသိသာသာ မြင့်တက်နေပြီး မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ကမ္ဘာ့အပူဆုံးမြို့အဖြစ် ရပ်တည်ခဲ့သည်။ 

စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် ရာသီဥတု အလွန်ပူပြင်းနေစဥ် လျှပ်စစ်မီးပြတ်တောက်မှုများလည်း နေရာအနှံ့ ပိုမိုဆိုးရွားနေရာ ပြည်သူများအတွက် အပူဒဏ်ကို အပြင်းအထန် ခံစားနေကြရသည်။

Source: Bangkok Post, AFP