ရှမ်းပြည်တပ်မတော် (SSPP/SSA) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ပန်ဖအား ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)မှ ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆု ချီးမြှင့်

ရှမ်းပြည်တပ်မတော် (SSPP/SSA) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ပန်ဖအား ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)မှ ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆု ချီးမြှင့်

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA)ဗဟိုဌာနချုပ်၌ ၂၀၂၄ခုနှစ် ဧပြီလ (၂၄)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ရှမ်းပြည်တပ်မတော်(SSA) တည်ထောင်ခြင်း နှစ်(၆၀)ပြည့် အခမ်းအနားတွင် ရှမ်းပြည်တပ်မတော်(SSPP/SSA) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ပန်ဖအား ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)မှ ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ကြောင်း SSPP info၏ ထုတ်ပြန်ချက်အရသိရသည်။

အခမ်းအနားကိုတက်ရောက်လာသည့် ရက္ခိုင့်တပ်တော် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်မှ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ကိုယ်စား ဂုဏ်ထူးဆောင်ရွှေတံဆိပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး (SSPP/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖမှ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကို ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

“ဗိုလ်ချုပ်ကြီးပန်ဖကို ချီးမြှင့်ပေးအပ်ခဲ့တဲ့ ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဟာ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)မှ ငါးဦးအတွက်သာပြုလုပ်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် ယခုလို နောက်ကျပြီးပေးအပ်ရပေမယ့် ဘာပဲဖြစ်ဖြစ် အစစအရာရာ ကူညီပံ့ပိုးခဲ့သော ဗိုလ်ချုပ်ကြီးပန်ဖကိုအထူးကျေးဇူးတင်ရှိပါတယ်။”ဟု AA ဒုစစ်ဦးစီးချုပ်မှ အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရှမ်းပြည်တပ်မတော် (SSA)တည်ထောင်ခဲ့ခြင်း နှစ် (၆၀)ပြည့်အခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA) ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးပန်ဖ ဦးဆောင်သည့် ဗဟိုကော်မတီဝင်များ၊ တပ်ဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာဌာနများ၊ အထူးမဟာမိတ်ဖြစ်သည့် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် အပါအဝင် ဒေသခံ ပြည်သူ စုစုပေါင်း (၄၅၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အခမ်းအနားကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PSLF/TNLAတို့မှ ဂုဏ်ပြုသဝဏ်လွှာများ ဖတ်ကြားပေးအပ်ခဲ့ကြောင်းသိရသည်။

#TachileikNewsAgency

Photo: SSPP Info