သင်္ဃန်းညီနောင်ဗျူဟာစခန်းမှ အရာရှိအဆင့်(၆၇)ဦးအပါ (၆၀၀)ကျော် လက်နက်ချအညံ့ခံဟု KNU ထုတ်ပြန်

သင်္ဃန်းညီနောင်ဗျူဟာစခန်းမှ အရာရှိအဆင့်(၆၇)ဦးအပါ (၆၀၀)ကျော် လက်နက်ချအညံ့ခံဟု KNU ထုတ်ပြန်

ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ စစ်ဗျူဟာအခြေချ(သင်္ဃန်းညီနောင်) စခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ အရာရှိအဆင့် (၆၇)ဦးအပါ (၆၀၀)ကျော် လက်နက်ချအညံ့ခံခဲ့ကြောင်း KNUဗဟိုက ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ခုနှစ်၊ ဧပြီလ (၅)ရက်နေ့၊ နံနက်ပိုင်းကစတင်၍ တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ နေ့လယ်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီး အရာရှိအဆင့် (၆၇)ဦး၊ အခြားနှင့် တပ်သားအဆင့် (၄၁၀)ဦး၊ စုစုပေါင်း(၄၇၇)ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ရဲမေ(၅၉)ဦးနှင့် တပ်မိသားစုဝင် (၈၁)ဦး စုစုပေါင်း (၁၄၀)ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ၁၉၆၈ ခုနှစ်ကစတင်၍ အခြေချခဲ့သော အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ (သင်္ဃန်းညီနောင်) စစ်ဗျူဟာအခြေချစခန်းမှ လက်နက်ချ အလင်းဝင်ရောက်လာသူ အရာရှိအဆင့်၊ တပ်သားများ၊ ရဲမေများနှင့် တပ်မိသားစုဝင်များ စုစုပေါင်း (၆၁၇)ဦးရှိသည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ (သင်္ဃန်းညီနောင်) စစ်ဗျူဟာအခြေချစခန်းကို တိုက်ခိုက်သိမ်းပိုက်ရခြင်းမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ (သင်္ဃန်းညီနောင်) စစ်ဗျူဟာအခြေချစခန်းရှိခြင်းကြောင့် နယ်မြေအတွင်း နေထိုင်ကြသော ကရင်လူမျိုးနှင့် အခြားလူမျိုးများ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးများကို ထိခိုက်ကျဆင်းစေသည့်အပြင် ရိုးရာယဉ်ကျေးမှုများလည်း ပျက်စီးပျောက်ကွယ်စေခဲ့သောကြောင့်ဖြစ်သည်ဟု ဆိုသည်။

အထူးသဖြင့် အကြောက်တရားနှင့် နေထိုင်နေရသော ဒေသခံများ၏ ဘဝလုံခြုံမှု ကင်းမဲ့ရခြင်းကို ဖြစ်ပေါ်စေခဲ့သောကြောင့်လည်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: KNU