ချင်းမိုင်တွင် တစ်လလျှင် ငွေအသွင်းအထုတ် ဘတ် သန်းပေါင်း (၇၀) ကျော်ရှိသည့် အွန်လိုင်းလောင်းကစားကွန်ရက် (၃)ခု၏ စီမံခန့်ခွဲသူများကို ဖမ်းဆီး

ချင်းမိုင်တွင် တစ်လလျှင် ငွေအသွင်းအထုတ် ဘတ် သန်းပေါင်း (၇၀) ကျော်ရှိသည့် အွန်လိုင်းလောင်းကစားကွန်ရက် (၃)ခု၏ စီမံခန့်ခွဲသူများကို ဖမ်းဆီး
By Mr John

 ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင် တစ်လလျှင် ငွေအသွင်းအထုတ် ထိုင်းဘတ်ငွေ သန်း (၇၀) ကျော်ရှိသည့် အဓိက အွန်လိုင်းလောင်းကစားကွန်ရက်များကို စီမံခန့်ခွဲနေသည့် (၅) ဦးအား ဖမ်းဆီးလိုက်သည်။

 ပြည်နယ်ရဲတပ်ဖွဲ့ နယ်မြေ (၅) မှ ရဲအရာရှိများက ချင်းမိုင်ပြည်နယ် Muang  ခရိုင်ရှိ ကွန်ဒိုတိုက်ခန်းတစ်ခန်းနှင့် Saraphi ခရိုင်ရှိ နေအိမ်တစ်အိမ်ကို ၂၀၂၄ ခုနှစ် ဧပြီလ (၅) ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ကြသည်။

ထိုနေရာများတွင် BIOCLUB.168 လောင်းကစားဝက်ဘ်ဆိုက်နှင့် ဆက်နွယ်သော တရားမဝင် လှုပ်ရှားမှုများရှိကြောင်း သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။ 

ကွန်ဒိုတိုက်ခန်းကို စီးနင်းမှုအတွင်း အသက် (၂၆) နှစ်၊ (၃၂) နှစ်နှင့် (၂၂) နှစ်အရွယ် လူ (၃) ဦးကို ဖမ်းဆီးခဲ့သည်။ 

၎င်းတို့က လောင်းကစားဝက်ဘ်ဆိုက်ကို စီမံခန့်ခွဲနေသူများဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး BIOCLUB.168၊ Prettygaming168 နှင့် GK168 လောင်းကစားဝက်ဘ်ဆိုက်များကိုလည်း လုပ်ကိုင်ခဲ့ကြောင်း အာဏာပိုင်များကို ပြောသည်။

ထိုစီးနင်းမှုအတွင်း laptop ကွန်ပျူတာ (၄) လုံး၊ မိုဘိုင်းဖုန်း (၃) လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးခံရသူ (၃) ဦးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုမှုအရ ၎င်းတို့ စီမံခန့်ခွဲနေသော လောင်းကစားဝက်ဘ်ဆိုက် (၃) ခုတွင် တစ်လလျှင် ငွေအသွင်းအထုတ် ဘတ်သန်း (၇၀) ကျော်ခန့်ရှိကြောင်း သိရသည်။ 

၎င်းတို့၏ ထွက်ဆိုချက်အရ Saraphit ခရိုင်ရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး မန်နေဂျာဖြစ်သူ အသက်(၂၉)နှစ်အရွယ် Piyanpong နှင့်အတူ အသက် (၂၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို တွေ့ရှိဖမ်းဆီးခဲ့သည်။

ထိုအမျိုးသမီးမှာ ဂိမ်းကစားသူအသစ် ရှာဖွေစုဆောင်းသူဟု ဆိုသည်။ 

နေအိမ် စီးနင်းမှုအတွင်း နောက်ထပ် laptop (၂) လုံး၊ မိုဘိုင်းဖုန်း (၇) လုံးနှင့် ဘဏ်စာအုပ် (၂) အုပ်နှင့် ATM ကတ်များကို သိမ်းဆည်းရမိခဲ့သည်။

Pyianpong နှင့် အမျိုးသမီးတို့က Bioclub ၊ Prettygaming168 ၊ GK168 နှင့် ramen88 လောင်းကစားဝက်ဘ်ဆိုက်များကို စီမံခန့်ခွဲသူများဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြသည်။ 

ယခု ဖမ်းဆီးခဲ့သူ (၅) ဦးလုံးကို ဥပဒေအရ ဆက်လက် အရေးယူနိုင်ရန် ထိန်းသိမ်းထားကြောင်း သိရသည်။

Source: Bangkok Post, cmprice

Photo: ผู้พิทักษ์ , cmprice