လောင်းကစားရုံများ တရားဝင် ဖွင့်လှစ်ခွင့်ပြုခြင်းက အလုပ်အကိုင်နှင့် ဝင်ငွေအတွက် ကောင်းမွန်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြော

လောင်းကစားရုံများ တရားဝင် ဖွင့်လှစ်ခွင့်ပြုခြင်းက အလုပ်အကိုင်နှင့် ဝင်ငွေအတွက် ကောင်းမွန်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြော
By Mr John

 ထိုင်းနိုင်ငံတွင် လောင်းကစားရုံများ တရားဝင် ဖွင့်လှစ်ခွင့်ပြုမည့် ကာစီနိုဥပဒေ (လောင်းကစားဥပဒေ) မူကြမ်းတစ်ရပ် ရေးဆွဲရန် အစိုးရက စဥ်းစားနေပြီး လွှတ်တော်က အတည်ပြုခဲ့ပါက ထိုလုပ်ငန်းကနေ အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်ကာ နိုင်ငံတော်ဝင်ငွေ ပိုမိုရရှိစေလိမ့်မည်ဟု ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သူ ဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်က ၂၀၂၄ ခုနှစ် မတ်လ (၂၉) ရက်နေ့တွင် ပြောသည်။

ထိုင်းနိုင်ငံတွင် လျှို့ဝှက်ဖွင့်လှစ်ထားသည့် ကာစီနိုရုံများနှင့် ဘောလုံးလောင်ကစား အပါအဝင် တရားမဝင် လောင်းကစားလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသော်လည်း လောင်းကစားရုံများ (ကာစီနိုရုံများ) မှာ တရားမဝင်ဘဲ အစိုးရက ထိန်းချုပ်ထားသည့် မြင်းပြိုင်ပွဲများနှင့် ထီထိုးခြင်းကိုသာ ခွင့်ပြုထားသည်။ 

ထိုင်းနိုင်ငံမှာ ဗုဒ္ဓဘာသာ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လောင်းကစားခြင်းက ဗုဒ္ဓဘာသာ တရားတော်နှင့် မကိုက်ညီကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မတ်လ (၂၈) ရက်နေ့တွင် ထိုင်းနိုင်ငံ အောက်လွှတ်တော် (House of Representatives) က မဲခွဲအတည်ပြုခဲ့သည့် ကာစီနိုဥပဒေမူကြမ်းဆိုင်ရာ လေ့လာမှုတစ်ရပ်အရ ကာစီနိုရုံများ ဖွင့်လှစ်ခွင့်ပြုခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းတွင် ပိုမိုဆွဲဆောင်နိုင်မည်ဟု ဆိုသည်။ 

ထိုလေ့လာမှုအရ ကာစီနိုရုံများကို တရားဝင်ဖြစ်စေပြီး ကြီးမားသည့် ဖျော်ဖြေရေးနေရာများတွင် ဖွင့်လှစ်ခွင့်ပြုခြင်းဖြင့် ခရီးသွားလုပ်ငန်း ဝင်ငွေကို ဘတ် (၄၃၈) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ) တိုးလာစေနိုင်ကြောင်း သိရသည်။

ကာစီနိုရုံများ ပါဝင်သော ဖျော်ဖြေရေးနေရာများ တည်ဆောက်ပြီးစီးပါက ပျမ်းမျှ ကမ္ဘာလှည့်ခရီးသည် သုံးစွဲမှုမှာ ခရီးစဥ်တစ်ခုလျှင် (၅၂) ရာခိုင်နှုန်း ဘတ် (၆၅,၀၅၀) ( အမေရိကန်ဒေါ်လာ ၁,၇၉၀) သို့ မြင့်တက်လာနိုင်ပြီး အသားတင်နှင့် ထပ်တိုး ဝင်ငွေ ဘတ် (၄၄၈.၈) ဘီလီယံအထိ ရရှိလာနိုင်ကြောင်း ထိုလေ့လာမှုက ဆိုသည်။

"ကျွန်တော်တို့ မီးခိုးရောင်စီးပွားရေး (grey economy) ကို စည်းမျဥ်းစည်းကမ်းနဲ့ ထိန်းနိုင်ပြီး အခွန်ကောက်နိုင်ပါတယ်။ ကျွန်တော်တို့က လောင်ကစားကို အားမပေးချင်ပါဘူး။ ဒါပေမဲ့ ဒါကို ကြီးကြပ်ကွပ်ကဲပြီး အလုပ်အကိုင်တွေ ဖန်တီးဖို့ ရင်းနှီးမြှုပ်နှံမှုကို အသုံးချလိုတာပါ" ဟု ထိုင်းဝန်ကြီးချုပ် ဆရတ်သာက X  ဆိုရှယ်မီဒီယာပို့စ်တွင် ရေးသားထားသည်။

ထိုင်းနိုင်ငံတွင် လောင်းကစားကို တရားဝင်ဖြစ်စေရန် ယခင်က ဆွေးနွေးခဲ့ဖူးသော်လည်း ပြည်သူလူထု၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် မည်သည့် အစိုးရမျှ ရှေ့ဆက် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။ 

ူယခု အစိုးရလက်ထက်တွင်မူ လောင်ကစားကို တရားဝင်ဖြစ်စေရန် ပထမခြေလှမ်းအဖြစ် ကာစီနိုရုံများ ဖွင့်လှစ်ခွင့်ပြုရေးကိစ္စနှင့် ပတ်သက်သော လေ့လာမှုတစ်ခုကို ၂၀၂၄ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် အောက်လွှတ်တော် အမတ် (၂၅၇) ဦးအနက် (၂၅၃) ဦးက ထောက်ခံမဲပေးပြီး အတည်ပြုခဲ့သည်။



Source: Bangkok Post