ထိုင်းနိုင်ငံတွင် ဖခင်က ရေခဲစက်ရုံ လည်ပတ်ရန် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲနေကြောင်း သားဖြစ်သူက ဖော်ထုတ်

ထိုင်းနိုင်ငံတွင် ဖခင်က ရေခဲစက်ရုံ လည်ပတ်ရန် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲနေကြောင်း သားဖြစ်သူက ဖော်ထုတ်
By Mr John

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နွန်သာဘူရီပြည်နယ်တွင် ဖခင်က ရေခဲစက်ရုံ လည်ပတ်ရန် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲနေကြောင်းကို သားဖြစ်သူက ဖော်ထုတ်လိုက်သည်။ 

ပြည်နယ်လျှပ်စစ်ဓာတ်အား အာဏာပိုင်အဖွဲ့ Provincial Electricity Authority (PEA) မှ အရာရှိများကိုလည်း ၎င်း၏ ဖခင်နှင့် ပူးပေါင်းကြံစည်ကြောင်း ထိုအမျိုးသားက စွပ်စွဲခဲ့သည်။

အသက် (၃၉) နှစ်အရွယ် ထိုအမျိုးသားက Channel 3 သတင်းဌာနကို ထုတ်ဖော်ပြောမှုအရ ၎င်းမှာ ဖခင်၏ သားအကြီးဆုံးဖြစ်ပြီး ရေခဲစက်ရုံ၏ မန်နေဂျာဖြစ်ခဲ့ကြောင်း သိရသည်။ 

၎င်း၏ဖခင်က ရေခဲစက်ရုံ လည်ပတ်ရန် အစိုးရထံမှ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲနေကြောင်း သိရှိရပြီးနောက် ၂၀၂၃ ခုနှစ် မေလတွင် ၎င်း၏ မိသားစုလုပ်ငန်းမှ ထွက်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

၎င်းက ဖခင်ကို ဓာတ်အား ခိုးယူသုံးစွဲနေမှု ဆက်မလုပ်ရန် ပြောခဲ့သော်လည်း ဖခင်က ဓာတ်အား ခိုးယူသုံးစွဲခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။ 

ထို့နောက် သားဖြစ်သူက ဓာတ်အား ခိုးယူသုံးစွဲကြောင်း သက်သေအထောက်အထားကို ရှာဖွေခဲ့ရာမှ ယခင် ရေခဲစက်ရုံ၏ ဓာတ်အားခမှာ ဘတ် (၄၀၀,၀၀၀) ခန့် ကျသင့်ခဲ့သော်လည်း ယခုအခါ ဘတ် (၂၀၀,၀၀၀) သာ ပေးချေရသည်ကို တွေ့ရှိသွားခဲ့ကြောင်း ၂၀၂၄ ခုနှစ် မတ်လ (၂၉) ရက် The Thaiger သတင်းတွင် ဖော်ပြသည်။ 

ရေခဲစက်ရုံလုပ်ငန်းနှင့် မိသားစုထံကနေ ထွက်ခဲ့ပြီးနောက် ၎င်း၏ အမည်ကို စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ဝင်စာရင်းမှ ဖယ်ရှားပေးရန် အဆိုပါ ထိုင်းအမျိုးသားက ဖခင်ကို တောင်းဆိုခဲ့သည်။ 

ထိုသို့ ဖယ်ရှားခိုင်းရခြင်းမှာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲရာတွင် ပါဝင်ပတ်သက်မှုကြောင့် နောက်ထပ် စွဲချက်များနှင့် ထောင်ဒဏ်ကို ရှောင်ရှားလိုသောကြောင့်ဖြစ်ကြောင်း ၎င်းကဆိုသည်။

Source: The Thaiger