ကော့ဘိန်းရဲစခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်း ထိုးလာခြင်းကြောင့် ကျေးရွာများမှ ဒေသခံများတိမ်းရှောင်နေရ

ကော့ဘိန်းရဲစခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်း ထိုးလာခြင်းကြောင့် ကျေးရွာများမှ ဒေသခံများတိမ်းရှောင်နေရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများနှင့်ပစ်ခတ်ကာ အင်အား (၁၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် အနီးရှိကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ထံမှ သိရသည်။

ရဲစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် ကော့ဘိန်းဒေသကို လေကြောင်း၊ လက်နက်ကြီးနှင့်ပစ်ခတ်ပြီး အင်အား(၁၀၀)ဝန်းကျင်ဖြင့် ကော့ဘိန်းဒေသအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် ကော့ဘိန်းအနီးရှိ ဓမ္မသ၊ တရနာ၊ ကော့စွယ်နှင့် ကော့သတ်စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်များက ၂၀၂၄ခုနှစ် မတ်လ(၂၄)ရက်နေ့မှစတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မတ်လ(၂၅)ရက်နေ့ နေ့လယ်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားများသည် ရဲစခန်းအတွင်း ရဲတပ်ဖွဲ့ဝင်မိသားစုဝင်များနှင့် ကလေးငယ်များကိုပါ ၎င်းတို့နှင့်အတူ ဓားစာခံများသဖွယ် အသုံးပြုခံခုသဖြင့် တော်လှန်ရေးတပ်များက မိသားစုဝင်များနှင့် ကလေးများ ဘေးကင်းလုံခြုံရေးအတွက် သတိထားဝင်ရောက်တိုက်ခိုက်ခဲ့ရသည်ဟု ဆိုသည်။

တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့မိသားစုဝင် (၇)စုနှင့် (၁၈)နှစ်အောက်ကလေးငယ် (၁၂)ဦးကို ထိခိုက်မှုမရှိဘဲ စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်(၂၃)ဦးလည်း လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့် မိသားစုဝင်များကို စစ်ဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး မိသားစုဝင်များအား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်စောင့်ရှောက်ထားသည်ဟု သိရသည်။

တိုက်ပွဲတွင်း တော်လှန်ရေးတပ်များဘက်က ရဲဘော်တစ်ဦးကျဆုံးပြီး (၂)ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်ဘက်က လေကြောင်း၊ လက်နက်ကြီးအပြင် စစ်သင်္ဘောဖြင့်ပစ်ခတ်မှုကြောင့်  ဒေသခံတစ်ဦးသေဆုံးပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

အဆိုပါရဲစခန်းအား တိုက်ခိုက်မှုတွင် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ KNLA၊ KNDO၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကောာင်း(တပ်ခွဲ ၃)၊ Lion Battalion စစ်ကြောင်း၊ မွန်ပြည်သစ်ခွဲထွက်(AD)၊ ဂဠုန်စစ်ကြောင်း ဒရုန်း(G2/G3)တပ်ဖွဲ့၊ KNDO တပ်ရင်း(၆) ဒရုန်းတပ်ဖွဲ့၊ Alphabet Fixed Wing ဒရုန်းတပ်ဖွဲ့နှင့် Saw Dragon Drone တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Mon Liberation Army