ကနီမြို့တိုက်ပွဲတွင် နှစ်ဘက်ကျဆုံးသူများခဲ့ 

ကနီမြို့တိုက်ပွဲတွင် နှစ်ဘက်ကျဆုံးသူများခဲ့ 

စစ်ကိုင်းတိုင်း၊ ကနီမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား ပြည်သူ့ကာကွယ်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဘက်အကျအဆုံးများပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁) စစ်ဒေသထံမှ သိရသည်။

ယင်းမာပင်ခရိုင် တပ်ပေါင်းစုမှ ၂၀၂၄ ခုနှစ် မတ်လ (၂)ရက်‌နေ့မှ မတ်လ (၁၂)ရက်နေ့အထိ ကနီမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား (၄၇)ဦး သေဆုံးပြီး အလောင်း(၁၁)လောင်း ရရှိခဲ့သည်ဟု ဆိုသည်။ 

ကနီမြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံနှင့် စာသင်ကျောင်းတို့တွင် အခြေချနေသော ခလရ (၈၇၊ ၈၉၊ ၂၂၂)၊ ခမရ-၃၁၃ ပူးပေါင်းအင်အား (၁၀၀)ကျော်၊ အင်မထီးရွာမှ လေကြောင်းဖြင့် အင်အားပို့ချလာသော ထပ်တိုးအင်အား (၁၂၀)ခန့်နှင့် ရေဦးမြို့မှ စစ်ကူလာသော စစ်ကြောင်း အင်အား (၈၀)ခန့်တို့အား ယင်းမာပင်ခရိုင် ကွပ်ကဲရေး၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၊ ၂၊ ၆၊ ၉၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂)၊ LPDF၊ ဆားလင်းကြီးစစ်ကြောင်း၊ Alpha စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့များနှင့် ကနီမြို့နယ် ပအဖ၊ ပကဖတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်းသို့ စစ်ကောင်စီတပ်သည် လေကြောင်းမှ Mi-35 နှင့် Jet Fighter တို့ဖြင့် တိုက်ခိုက်မှုပေါင်း (၅၄)ကြိမ် ပြုလုပ်ခဲ့ပြီး Y-12 ဖြင့် ဗုံးသီးအလုံး (၁၀၀)ကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၁၁)လက်၊ ဗုံးသီးမျိုးစုံ (၅၀)ကျော်၊ ကျည်မျိုးစုံ (၁၃၀၀)ကျော်၊ မီးကျည် (၂၀)ခန့်၊ ရှေ့ထွက်မိုင်း (၃)ခု၊ ကျည်အိမ် (၂၀)ကျော်နှင့် Jammer (၂)ခုတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟုလည်း သိရသည်။

ကနီမြို့တိုက်ပွဲတွင် တော်လှန်ရေးရဲဘော် (၁၁)ဦး ကျဆုံးခဲ့ရပြီး စစ်ကောင်စီတပ်က စစ်ကူအင်အားအများအပြားပို့ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မတ်လ(၁၂)ရက်နေ့တွင် တော်လှန်ရေးတပ်များ ကနီမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: အမှတ်-၁ စစ်ဒေသ