တာချီလိတ်မြို့တွင် ခြံတံခါး၌ ချိတ်ဆွဲထားသည့် အထုတ်ကို ဆွဲယူမိရာမှ ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ ဒဏ်ရာရသူ စိုးရိမ်ရ

တာချီလိတ်မြို့တွင် ခြံတံခါး၌ ချိတ်ဆွဲထားသည့် အထုတ်ကို ဆွဲယူမိရာမှ ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ ဒဏ်ရာရသူ စိုးရိမ်ရ

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် နှင့် ဝိန်းကျောက်ရပ်ကွက်အကြားတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ အမျိုးသမီးငယ် တစ်ဦး စိုးရိမ်ရသည့် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ရန်အောင်မြေရပ်ကွက် နှင့် ဝိန်းကျောက်ရပ်ကွက်အကြား အာခါဈေးလမ်းဘက်ရှိ ခြံဝန်းတစ်ခု၏ အပေါက်တွင် ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၈)ရက်နေ့ နံနက်(၇)နာရီ မထိုးမီအချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခြံဝန်းအတွင်းမှ အမှိုက်ပစ်ရန်  တွန်းလှည်းဖြင့် ထွက်လာသည့် အဘူးရာဆိုသူမှာ ခြံတံခါးအဝတွင် မည်သူက ချိတ်ဆွဲထားသည်ကို မသိရသည့် အဝတ်အနီရောင်ဖြင့် ထုတ်ထားသော အထုတ်ကို ဆွဲယူမိရာမှ ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။

"ပေါက်ကွဲသံက အတော်လေးကို ကျယ်တာ အဲ့ခြံဝန်းထဲက ကောင်မလေးက အမှိုက်ပစ်ဖို့ ထွက်လာချိန် ခြံတံခါးဝမှာ အဝတ်အနီရောင်နဲ့ ထုတ်ထားတဲ့ အထုတ်ကို ဆွဲယူမိတာကနေ ဗုံးပေါက်ကွဲတာလို့ သိရတယ်။ ဗုံးပြင်းအား ဘယ်လောက်များလဲတော့မသိဘူး ခြံတံခါးက သံပြားတောင် ကွာကျသွားတယ်။ ကောင်မလေး ထိသွားလို့ ခြံတံခါးနားမှာ သွေးတွေ ကျန်ခဲ့တယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် အဘူးရာဆိုသူမှာ စိုးရိမ်ရသည့် ဒဏ်ရာရရှိသွားသည့်အတွက် ၎င်းအား ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးထားကြောင်း သိရှိရသည်။