မြန်မာနိုင်ငံတွင် အခြေအနေ ပိုဆိုးလာကြောင်း စင်ကာပူဝန်ကြီးချုပ်က အာဆီယံ-ဩစတြေးလျ အထူး ထိပ်သီးအစည်းအဝေးတွင် ပြောကြား

မြန်မာနိုင်ငံတွင် အခြေအနေ ပိုဆိုးလာကြောင်း စင်ကာပူဝန်ကြီးချုပ်က အာဆီယံ-ဩစတြေးလျ အထူး ထိပ်သီးအစည်းအဝေးတွင် ပြောကြား
By Mr John

စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် အခြေအနေ ပိုဆိုးလာကြောင်း အာဆီယံအဖွဲ့ဝင် စင်ကာပူနိုင်ငံ၏ ဝန်ကြီးချုပ် လီရှန်လွန်းက ၎င်း၏ ဩစတြေးလျခရီးစဥ်တွင် ပြောကြားသည်။ 

ဩစတြေးလျအနေဖြင့် ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းရန် အာဆီယံနှင့် နက်နက်ရှိုင်းရှိုင်း ဆက်ဆံမှု ဆက်ရှိနေရန်လည်း စင်ကာပူဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။ 

စင်ကာပူ-ဩစတြေးလျ ခေါင်းဆောင်များ နှစ်ပတ်လည် အစည်းအဝေးနှင့် အာဆီယံ-ဩစတြေးလျ အထူး ထိပ်သီးအစည်းအဝေးကို ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၄ ခုနှစ် မတ်လ (၄) ရက်မှ (၆) ရက်နေ့အထိ ပြုလုပ်ခဲ့သည်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် (၅) ချက် ရရှိထားကြောင်းနှင့် အာဆီယံ အနေဖြင့် အခြား ဒေသပြင်ပမှ မိတ်ဖက်များဖြစ်ကြသည့် ဩစတြေးလျ၊ ဥရောပသမဂ္ဂနှင့် အမေရိကတို့နှင့်လည်း ဆက်လက် ပူးပေါင်းဆောင်ရွက်ရန် စီစဥ်ထားကြောင်း လီရှန်လွန်းက ဆိုသည်။ 

မိမိတို့တွင် မတူညီသော အမြင်များရှိကြသော်လည်း ဘုံသဘောတူညီချက် (၅) ချက်နှင့်အညီ လုပ်ဆောင်နိုင်ပြီး ထို့ကြောင့် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ အနှောင့်အယှက် မဖြစ်ကြောင်းလည်း စင်ကာပူဝန်ကြီးချုပ်က ပြောသည်။

၂၀၂၁ ခုနှစ် ဧပြီလတွင် ရရှိခဲ့သော မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို စစ်အုပ်စုက လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ လစ်လျူရှုထားခဲ့ရာ ထိုဘုံသဘောတူညီချက်များက အလုပ်မဖြစ်ဟု ဝေဖန်မှုများလည်းရှိနေသည်။ 

အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများတွင် မတူကွဲပြားသော ချဥ်းကပ်မှုများရှိခဲ့လျင်ပင် အာဆီယံက မြန်မာ့အရေးနှင့် ပတ်သက်၍ ရှေ့ဆက် လုပ်ဆောင်မည်ဟု ဆိုသည်။ 

ဩစတြေးလျနိုင်ငံက အာဏာသိမ်း မြန်စစ်တပ်ကို ပစ်မှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ချမှတ်ခဲ့ပြီး မြန်မာနှင့် သံတမန်ဆက်ဆံရေးကိုလည်း အဆင့်လျှော့ချထားသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုက အရပ်သားများကို စစ်မှုထမ်းရန် ဆင့်ခေါ်မည့် စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီဟု ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီ လဆန်းပိုင်းတွင် ထုတ်ပြန်လိုက်ပြီး ၂၀၂၄ ခုနှစ် ဧပြီလတွင် ပထမဆုံး အသုတ် ဆင့်ခေါ်သွားရန် ပြင်ဆင်နေသည်။ 

စစ်အုပ်စု၏ ထိုလုပ်ဆောင်မှုက မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများအပြင် အကြမ်းဖက်မှုအသစ်များကို ဖြစ်စေမည်ဟု လေ့လာသုံးသပ်သူ အများအပြားက ပြောသည်။

Source: CNA