နွေဦးတော်လှန်ရေးသည် ပင်လုံကတိကဝတ်ကို ပြန်လည်ဖော်ဆောင်ခြင်းဖြင့် ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းသွားနိုင်မည်ဟု မျှော်လင့်ကြောင်း SSPP၊ CNF နှင့် KIA တို့က NUG သို့ သဝဏ်လွှာပေးပို့

နွေဦးတော်လှန်ရေးသည် ပင်လုံကတိကဝတ်ကို ပြန်လည်ဖော်ဆောင်ခြင်းဖြင့် ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းသွားနိုင်မည်ဟု မျှော်လင့်ကြောင်း SSPP၊ CNF နှင့် KIA တို့က NUG သို့ သဝဏ်လွှာပေးပို့
ဖေဖော်ဝါရီ 12, 2024 | 2021 Military Coup| အခြားဒေသများ

 

နွေဦးတော်လှန်ရေးသည် ပင်လုံကတိကဝတ်နှင့် ပင်လုံသဘောတူညီချက်များကို ပြန်လည်ဖော်ဆောင်ခြင်းဖြင့် နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းသွားနိုင်မည်ဟု မျှော်လင့်ကြောင်း SSPP၊ CNF နှင့် KIA တို့က သဝဏ်လွှာပေးပို့ကြောင်း NUG က ထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့သည် သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော (၇၇) နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်သဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့က ယင်းသို့သဝဏ်လွှာပေးပို့လာခြင်းဖြစ်ကြောင်း NUG က ထုတ်ပြန်သည်။

SSPP/SSA သည် နွေဦးတော်လှန်ရေးကာလ (၃)နှစ်အတွင်း NUG ထံ ပထမဆုံးအကြိမ်သဝဏ်လွှာပေးပို့ခြင်းဖြစ်သည်။

ယနေ့ကာလတွင် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနေသော နွေဦးတော်လှန်ရေးအချိန်၌ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်မှန်သမျှကို တွန်းလှန်ချေမှုန်းကာ၊ အကောင်အထည်ဖော်ဆောင်ရန် ပျက်ကွက်ခဲ့ကြသော ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံသဘောတူညီချက်များကို ပြန်လည်ဖော်ဆောင်ခြင်းဖြင့် နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းသွားနိုင်မည်ဟု မျှော်လင့်သည်ဟု သဝဏ်လွှာတွင် ပါရှိသည်။

(၇၇) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ် အခမ်း အနားမှတစ်ဆင့် တန်းတူရည်တူပူးပေါင်းသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံးဝိုင်းဝန်းထူထောင်နိုင်ပြီး ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန် ဆန္ဒပြုသည်ဟုလည်း ပါရှိသည်။

ထို့အပြင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ABSDF နှင့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးတို့ကလည်း သဝဏ်လွှာများပေးပို့ထားသည်။