ကောလင်းမြို့ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်နေ

ကောလင်းမြို့ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်နေ
ဖေဖော်ဝါရီ 4, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့မှစ၍ စစ်ကြောင်း(၄)ကြောင်းဖြင့် ထိုးစစ်ဆင်နေသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း ကောလင်း PDFထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် ဝန်းသို ခမရ(၁၂၀)တွင် အင်အားဖြည့်ပြီးနောက် ကောလင်းမြို့ တောင်ဘက်နှင့် မြောက်ဘက်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁)ရက်နေ့က စတင်ကာ ဝန်းသို ခမရ(၁၂၀)သို့ MI 17(၇)စီးအပြင် ကိုးတောင်ဘို့စခန်းသို့လည်း (၈)ကြိမ် ဆင်းသက်အင်အားဖြည့်ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ကြခတ်အိုက်ရွာအနောက်မှတစ်ဆင့် ဒေါင်းမြူးချောင်းကိုကျော်ကာ ကောလင်းမြို့သို့ စစ်ကြောင်းထိုးလာကြောင်း သိရသည်။

ဝန်းသို ခမရ(၁၂၀)မှ စစ်ကောင်စီတပ်များသည် ဖေဖော်ဝါရီလ (၃)ရက်နေ့ကပင် ကောလင်းမြို့မြောက်ဘက် မိုးကောင်းတောင်သို့ အင်အား(၁၅၀)ဖြင့် ရောက်ရှိနေကာ စစ်ရေးလှုပ်ရှားနေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးလာခြင်းကြောင့် မြို့တွင်း၌ နေထိုင်သည့် ဒေသခံများ စစ်ရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency