ပုလောကုန်း ပျူစောထီးများကို စစ်ကူလာတိုက်ပေးသည့် အာဏာသိမ်းတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံးသူများပြားနိုင်

ပုလောကုန်း ပျူစောထီးများကို စစ်ကူလာတိုက်ပေးသည့် အာဏာသိမ်းတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံးသူများပြားနိုင်
By Tachileik News Agency

တနင်္သာရီတိုင်း၊ ပုလောမြို့ ပုလောကုန်းကျေးရွာရှိ ပျူစောထီးများကို  စစ်ကူလာသည့် အာဏာသိမ်း စစ်ကောင်စီတပ်ကို ယနေ့ ၂၀၂၂ ခုနှစ် မတ်လ(၁၆)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်မှ (၂၀) ဝန်းကျင် သေသည်ဟု ခန့်မှန်းထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်းတပ် လက်အောက်ခံ ပျူစောထီးများကြား ယနေ့ နံနက်(၆)နာရီမှ (၉)နာရီအထိ တိုက်ပွဲဖြစ်နေချိန် အာဏာသိမ်းတပ်က ပလောက်မြို့မှပို့ပေးလိုက်သည့်  စစ်ကူအဖွဲ့မှာ နန်းပရုပ်ရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ 

မိုင်းဆွဲတိုက်ခိုက်ခံရသည့် အာဏာသိမ်းတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦး ဒဏ်ရာရသွားသော်လည်း မစိုးရိမ်ရကြောင်း ပုလော PDF က သတင်းထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုကို ပုလောပြည်သူ့ကာကွယ်ရေးတပ်၊ KNU၊ ပုလောဒေသကာကွယ်ရေးတပ်၊ KPDF တို့ပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။