ပြုပြင်နေသည့် တာလေတံတားပေါ်ကနေ ဆိုင်ကယ်နှင့်လှည်းများ သွားလာနိုင်၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ကားများသွားလာနိုင်ရန် ခန့်မှန်းထား 

Photo: U Nyein Thung
Photo: U Nyein Thung
ပြုပြင်နေသည့် တာလေတံတားပေါ်ကနေ ဆိုင်ကယ်နှင့်လှည်းများ သွားလာနိုင်၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ကားများသွားလာနိုင်ရန် ခန့်မှန်းထား 
ဇန်နဝါရီ 19, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ခရီးသွားပြည်သူများနှင့် ကုန်သွယ်ရေးအတွက် အဓိက သွားလာအသုံးပြုနေသည့် ကျိုင်းတုံ - တာချီလိတ်သွားလာပေါ်ရှိ တာလေတံတားပေါ်တွင် ကွဲအက်ကြောင်းရာ ဖြစ်ပေါ်နေခြင်းကြောင့် ယာယီ ဘေလီတံတား ပြုလုပ်နေဆဲဖြစ်ရာ ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့ ညနေပိုင်းက စပြီး ဆိုင်ကယ်နှင့်လှည်းများကို သွားလာခွင့်ပြုထားပြီ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး  ကားလေးနှင့်ကားကြီးများ သွားလာ၍ ရနိုင်ရန် လုပ်ဆောင်နေလျှက်ရှိပြီး ယာယီပြုလုပ်နေသည့် ဘေလီတံတားမှာလည်း ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်၍ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် သွားလာနိုင်မည်ဟု မျှော်မှန်းထား၍ ယနေ့ ညပိုင်းတွင်လည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံက သိရသည်။

အရှည်  (၃၂၅)ပေရှိပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း (၂၀)ကျော် ကြာမြင့်နေသည့် တာလေတံတားတွင် ကွဲအက်ကြောင်းအရာဖြစ်ပွားနေသည်ကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်ပိုင်းက စပြီးတာဝန်ရှိသူများက တွေ့ရှိခဲ့ကြခြင်း ဖြစ်ပြီး အက်ကွဲကြောင်းအရာ ဖြစ်ပွားရခြင်းမှာ တံတားအောက်ခြေတွင် ရေတိုက်စားပြီး အောက်ခြေထိ ရေတိုးဝင်ကာ အပေါက်ဖြစ်ပြီး ကလိုင်သဖွယ်ဖြစ်ပေါ်ကာ တံတားတိုင်အစိတ်အပိုင်းတစ်ခုမှာ ကျွံဝင်သွားရာမှ ကွဲအက်ကြောင်းရာဖြစ်ပွားခြင်းဖြစ်သည်ကို တွေ့ရှိရသည်။

တာလေတံတားပေါ်တွင်  အရှည်(၉၀)ပေ၊ အကျယ်(၁၂)ပေခွဲရှိသည့် ယာယီသံဘေလီတံတားကို ဇန်နဝါရီလ(၁၈)ရက်နေ့ ညပိုင်းကစပြီး ပြုလုပ်နေခြင်းဖြစ်ရာ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် အိမ်စီးကားများ ပုံမှန်အတိုင်းသွားလာနိုင်ရန် နေ့ရော ညပါ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။