လောက်ကိုင် ဒကစ လက်နက်ချခြင်းသည် မင်းအောင်လှိုင် နောက်ဆုံးထွက်သက်အတွက် နှစ်သစ်အကြိုနိဒါန်းဟု ညီနောင် ၃ဖွဲ့ ထုတ်ပြန်

လောက်ကိုင် ဒကစ လက်နက်ချခြင်းသည် မင်းအောင်လှိုင် နောက်ဆုံးထွက်သက်အတွက် နှစ်သစ်အကြိုနိဒါန်းဟု ညီနောင် ၃ဖွဲ့ ထုတ်ပြန်
ဇန်နဝါရီ 6, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ ဒကစ လက်နက်ချခြင်းသည် စစ်ကောင်စီသမိုင်းတွင် စစ်အာဏာရှင်စနစ် နိဂုံးချုပ်မည့် အကြိုနေ့ရက်များဖြစ်သည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့တွင် ထောင်ချီသော တပ်ဖွဲ့ဝင်များပါဝင်သည့် ဒကစ(လောက်ကိုင်) တစ်ခုလုံးအပါအဝင် ၎င်းပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံးတို့မှ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီး ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ ဖြစ်ခဲ့ပြီဟုဆိုသည်။

လက်နက်ချအညံ့ခံကြသောသူများထဲတွင် ဒကစ(လောက်ကိုင်)အား စစ်ကူပေးရန် ရောက်ရှိလာကြသော မြန်မာနိုင်ငံအနှံ့ရှိ တပ်မ၊ တပ်ရင်းများအစုံထဲမှ တစ်ယောက်မကျန် ပါဝင်ခဲ့သည်ဟုလည်း သိရသည်။

လက်နက်ချအညံ့ခံသူများအားလုံးထဲတွင် အရာရှိ(၂၂၈)ဦး ပါဝင်ခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသူ (၆)ဦးပါဝင်ကာ ရဲဘော်နှင့် အခြားအဆင့်ရှိသူ (၁၈၉၅) ဦး ပါဝင်ကြောင်း သိရသည်။ 

ထို့အတူ ၎င်းတို့၏ မိသားစုဝင်အားလုံး စုစုပေါင်း (၁၆၀၁)ဦးလည်း ပါဝင်ခဲ့ကာ ၎င်းတို့အားလုံးကို သွားလိုသည့်နေရာနှင့် လုံခြုံသောနေရာသို့ ပို့ဆောင်ထားပြီဖြစ်သည်ဟုလည်း သိရသည်။

ပွိုင့် (၂၀၂၂) ဟုလူသိများသော ကိုးကန့်အခေါ်  နမ်ထင်းမိန်ရှန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆၆)ဦးတို့သည်လည်း နောက်ဆုံးအသုတ်အနေဖြင့် လက်နက်ချခဲ့သောကြောင့် လက်နက်ချအလင်းဝင်သူ စုစုပေါင်းမှာ (၂၃၈၉)ဦးအထိရှိခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြို နိဒါန်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

လက်နက်ချအညံ့ခံသောသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြသောသူများကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ သူရဲကောင်းများအဖြစ် သတ်မှတ်ထားပြီးဖြစ်ကာ မြန်မာနိုင်ငံ၏ အခြားသောမည်သည့်နေရာ၌မဆို လက်နက်ချအလင်းဝင်လိုသည်ဖြစ်စေ၊ ပြည်သူ့ရင်ခွင်ထဲ ဝင်ရောက်ခိုလှုံလိုသည်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

#TachileikNewsAgency