ကိုးကန့်ဒေသတွင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့ထံ လက်နက်ချ အညံ့ခံခဲ့ကြသည့် စစ်ကောင်စီတပ်၏ ဗိုလ်မှူးချုပ်(၃)ဦး ပါဝင်သည့် စားဝိုင်းသောက်ဝိုင်း ပုံအချို့ ထွက်ပေါ်

ကိုးကန့်ဒေသတွင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့ထံ လက်နက်ချ အညံ့ခံခဲ့ကြသည့် စစ်ကောင်စီတပ်၏ ဗိုလ်မှူးချုပ်(၃)ဦး ပါဝင်သည့် စားဝိုင်းသောက်ဝိုင်း ပုံအချို့ ထွက်ပေါ်
ဇန်နဝါရီ 6, 2024 | 2021 Military Coup| ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ထံ လက်နက်ချအညံ့ခံခဲ့ကြသည့် အာဏာသိမ်း စစ်ကောင်စီတပ်၏ ဗိုလ်မှူးချုပ်အဆင့်ရှိ (၃)ဦး နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ အတူစားသောက်နေသည့်  ဓါတ်ပုံများ ဇန်နဝါရီလ(၅)ရက်နေ့က လူမှုကွန်ရက်များပေါ်တွင် ထွက်ပေါ်လာသည်။

ပုံများတွင် စစ်ကောင်စီခန့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ နှင့် အမှတ် (၁၆) ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦးတို့ ပါဝင်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ နှင့် အတူစားသောက်နေသည့် ပုံများကို ဇန်နဝါရီလ(၄)ရက်နေ့ ရိုက်ကူးထားဟန်ရှိသည်ဟု သတင်းမီဒီယာများတွင် ဖော်ပြထားသည်ကို တွေ့ရသော်လည်း ဖော်ပြပါ ဓါတ်ပုံနှင့် ပတ်သက်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားခြင်း မရှိပေ။

စစ်ကောင်စီခန့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်အား စစ်ကောင်စီက ၂၀၂၃ခုနှစ် ဇူလိုင်လတွင် 

ပုံထဲတွင် ပါဝင်သည့်  ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်သည် စစ်ကောင်စီက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ကြံ့ဖွံ့ပါတီဝင် ဦးမြင့်ဆွေအား ထုတ်ပယ်လိုက်ပြီး ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌအဖြစ် ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့က အစားထိုး ခန့်အပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဗိုလ်မှူးချုပ် အဆင့်ရှိ (၃)ဦးထဲတွင်  အမှတ် (၁၆) ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦးသည် နိုင်ငံ့အာဏာသိမ်းကာလ ၂၀၂၁ခုနှစ်၏ နှစ်ဝက်မတိုင်မီအထိ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၏ စစ်ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မိုင်းဆတ်မြို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။