ပေါက်မြို့နယ် ဇီးပြားရွာရဲစခန်းနှင့် ပျူစောထီးစခန်းတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၂၁ ဦးကျဆုံး

ပေါက်မြို့နယ် ဇီးပြားရွာရဲစခန်းနှင့် ပျူစောထီးစခန်းတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၂၁ ဦးကျဆုံး
နိုဝင်ဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ပေါက်မြို့နယ် ဇီးပြားရွာရဲစခန်းနှင့် ပျူစောထီးစခန်းများအား မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က (၅)ရက်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့မှလည်း ရဲဘော်(၂၁)ဦး ကျဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

မြိုင်မြို့နယ် ပကဖသည် ပြီးခဲ့သည့် နိုဝင်ဘာလ (၁၀)ရက်နေ့မှစတင်ပြီး ပေါက်မြိုနယ်၊ ဇီးပြားရွာ ရဲစခန်းနှင့် ပျူစောထီးစခန်းများအား အီနာဂါအလုံး (၁,၀၀၀)ခန့်ဖြင့် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်စခန်းအနီးသို့ ချဉ်းကပ်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ဇီးပြားရဲစခန်းနှင့် ပျူစောထီးစခန်းများအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇီးပြားရွာအအတွင်းရှိ ဘန်ကာများ၊ ဘူတာရုံရှိ ဘန်ကာများအားလုံး သိမ်းဆည်းနိုင်ခဲ့ကာ ပျူစောထီးများ စခန်းပြုနေသော အဆောက်အဦးများကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ 

မြိုင်မြို့နယ် ပကဖတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား၊ ရဲ၊ ပျူစောထီး (၃၀)ဝန်းကျင် သေပြီး  ရှေ့ထွက်မိုင်း (၅)လုံး၊ လက်ပစ်ဗုံး (၈)လုံး သိမ်းဆည်းရရှိခဲ့သည်။ 

ထို့နောက် တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီတပ်က Mi 35 ဖြင့် လေကြောင်းပစ်ကူ (၃)ကြိမ် လာရောက်၍ Rocketများ၊ စက်လက်များဖြင့် ပစ်ခတ်ခဲ့ပြီး ပေါက် ကပစ (၂၄)မှ (၁၂၀)မမ လက်နက်ကြီးပစ်ကူအကြိမ်ရေ ရာချီအထိ ပစ်ကူပေးခဲ့သည်ဟု သိရသည်။ 

ပကဖ ရဲဘော်များသည် ပျူစောထီးစခန်းအား စီးနင်းနိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်များ၏ ဝိုင်းဝန်းပိတ်ဆို့မှုကို ရုတ်တရက်ခံခဲ့ရသဖြင့် ကာကွယ်ရေးရဲဘော် (၂၁)ဦး ကျဆုံးပြီး လက်နက်ငယ်တချို့ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ဇီးပြားရွာ ပျူစောထီးခန်းအား တိုက်ခိုက်နေချိန်တွင် မြိုင်ပေါ်ရှိအထိုင်စခန်းများ၊  ကန်နီရွာပျူစောထီးများ၊ ကိုင်းတောမရဲစခန်း၊ တွင်းမရွာပျူစောထီးစခန်း၊ သရက်ကန်ရွာပျူစောထီးစခန်းနှင့် ပခုက္ကူတပ်မ(၁၀၁)တို့အား လက်နက်ကြီးများ၊ Drone များဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အထက်ပါတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း(၁၊ ၂)နှင့် ပေါက်ကျေးရွာ ပကဖ တပ်ဖွဲ့များ၊  YRF( ပေါက်)၊ Earthquake Defence Force၊ တောင်ညိုနဂါးတပ်ဖွဲ့နှင့် Royal 7တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : မြိုင်-ပကဖ