ဒီးမော့ဆိုရှိ စစ်ကောင်စီတပ်စခန်း ကရင်နီပူးပေါင်းတပ်များ သိမ်းပိုက် လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများဖမ်းဆီးရမိ

ဒီးမော့ဆိုရှိ စစ်ကောင်စီတပ်စခန်း ကရင်နီပူးပေါင်းတပ်များ သိမ်းပိုက် လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများဖမ်းဆီးရမိ
နိုဝင်ဘာ 12, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ဘုရားဖြူစခန်းနှင့် နန်းစံခမ်း စစ်ကောင်စီတပ်စခန်းတို့ကို ကရင်နီတော်လှန်ရေးအဖွဲ့အစည်းများက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတပ်စခန်းများအား ကရင်နီတော်လှန်ရေးအဖွဲ့အစည်းများက သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း NUGက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ယမန်နေ့က ကရင်နီနှင့် ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း(၇)ခုကို ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများ ရရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်၏ လေယာဉ်တစ်စီးကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း KNDFဗဟိုက သတင်းထုတ်ပြန်ခဲ့သည်။

ကရင်နီဒေသတွင် ၁၁.၁၁ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ စတင်၍ KA၊ KNDF၊ KNPLF၊ DMO-Local PDF၊ မြို့ပြပြောက်ကျားတပ်တို့နှင့်အတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရှမ်းတောင်-ကယား(ကရင်နီ) စစ်တိုင်းဌာနမှ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဖရူဆိုနှင့်ရှမ်းတောင် PDFတပ်ရင်းများက ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : MOD NUG