ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းနှစ်ခုမှ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးပြီး မြို့ပေါ်တပ်နှင့် သွားပေါင်းနေရ

ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းနှစ်ခုမှ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးပြီး မြို့ပေါ်တပ်နှင့် သွားပေါင်းနေရ
နိုဝင်ဘာ 11, 2023 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်းနှစ်ခုမှ တပ်သားများ စခန်းစွန့်ခွါသွားကြောင်း ဒေသခံများထံမှ သိရသည်။

ရေဦးတံတား အရှေ့ဘက်ကမ်း တံတားထိပ်မှ အင်းပတ်ကွေ့ထိ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သား အင်အား(၃၀)ဝန်းကျင်သည် ဘန်ကာ (၁၁)လုံးအားစွန့်ခွာ၍ ရေဦးမြို့တွင် သွားရောက် တပ်ပေါင်းနေကြောင်း သိရသည်။

လက်ရှိတွင် ခင်ဦးမြို့နယ်ပကဖ၊ တိုက်နယ်(၂)နှင့် ဒေသကာကွယ် ရေးအဖွဲ့များ ပူးပေါင်း၍ နယ်မြေရှင်းလင်းပြီး ရေဦးမူးမြစ်ကူးတံတားအရှေ့ဘက်ကမ်းထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု သိရသည်။

ရွာသစ်ကုန်းတွင် စကစအထိုင်များ ရှိမရှိအတည်မပြုနိုင်သေးဟုလည်း ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၄)ရက်နေ့ညကလည်း ခင်ဦး - ရေဦး ကားလမ်းဘေး မူးတိမ်ချောင်းတံတား ဝန်းကျင်တွင် အထိုင်ချ တပ်စွဲထားသော အင်အား(၄၀)ခန့်ရှိ စစ်ကောင်စီတပ်သားများသည် ဘန်ကာ (၁၆)လုံးအားစွန့်ခွာ၍ ရေဦးမြို့သို့ တပ်ပေါင်းနေကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင် မကျီးတုံ၊ မဒေါင်းလှ၊ ပျဥ်ထောင်၊ ရွာသစ်ကုန်း ရွာ(၄)ရွာနှင့် မူးတိမ်ချောင်းတံတား၊ အင်းပတ်ကွေ့ စသည့်နှစ်နေရာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့တပ်စွဲထားခဲ့သည်မှာ (၃)နှစ်ကျော်ကြာပြီဖြစ်ကြောင်း သိရသည်။

 

ခင်ဦးမြို့ပေါ်တွင်လည်း မြို့မရဲစခန်း၊ မင်းသိုက်တိုက်နှင့်ဆေးရုံတို့တွင် အထိုင်ချတပ်စွဲထားပြီး ညနေပိုင်းတွင် ကင်းလှည့်ခြင်း အရပ်သားများအား ဖမ်ဆီးခြင်းများပြုလုပ်နေကာ ယမန်နေ့ကလည်း

မြကန်သာရပ်ကွက်နေ အမျိုးသားတစ်ဦးအား ဖမ်းဆီးသွားသည်ဟု သိရသည်။ 

ပြီးခဲ့သည့် အောက်တိုဘာ(၃၀)ရက်နေ့ကလည်း ခင်ဦးမြို့နယ် မကျီးတုံရွာ ပျူစောထီးစခန်းကို ရွှေဘိုခရိုင်တပ်ရင်း(၃)၊ မြို့နယ်ပကဖ၊ ပလဖတို့မှ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး BA 64 တစ်လက်၊ ကာဘိုင်(၄)လက်၊ ဂျောက်ဂျက်တွဲဘော (၂)လက်အပြင် အခြားပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကာ ဘန်ကာများ၊ ကင်းတဲများအား မီးရှို့ဖျက်စီးနိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: ခင်ဦးမြိုနယ် သတင်းမှန်ပြန်ကြားရေး