မုံးကိုးဒေသတစ်ခုလုံးကို MNDAAက အုပ်ချုပ်ရေးစတင်၊ စစ်ကောင်စီတပ်စခန်း ၁၅၀ အထိ သိမ်းထား 

မုံးကိုးဒေသတစ်ခုလုံးကို MNDAAက အုပ်ချုပ်ရေးစတင်၊ စစ်ကောင်စီတပ်စခန်း ၁၅၀ အထိ သိမ်းထား 
နိုဝင်ဘာ 8, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ဒေသတစ်ခုလုံးကို MNDAAက အုပ်ချုပ်ရေးစတင်နေပြီဖြစ်ကြောင်း သိရသည်။

မုံးကိုးရှိ စစ်ကောင်စီတပ်၏ မုံးကိုးဗျူဟာကုန်းကို ပြီးခဲ့သည့် နိုဝင်ဘာလ (၅)ရက်နေ့တွင် MNDAAက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဒေသခံပြည်သူ့စစ်အားလုံးလည်း ထွက်ပြေးသွားကြပြီး မုံးကိုးခရိုင်တစ်ခုလုံးကို MNDAAနှင့် ဒေသလုံခြုံရေးအဖွဲ့တို့သည် အုပ်ချုပ်ရေးများကို ပြန်လည်ထူထောင်နိုင်ခဲ့သည်ဟု MNDAAကဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ (၇)ရက်နေ့က ကိုးကန့်ဒေသရှိ တာရွှေထန်နေရာရှိ စစ်ကောင်စီ၏ နံပါတ်(၁၁)စခန်း၊ တုန်းရှမ်းဒေသ ပန်းဝါစခန်း၊ ဟုန်ရှင်း (မော်ထိုက်)ဒေသ ရှင့်ထန်ကျေးရွာအုပ်စု တာကျိုင့်တောင် အောက်ခြေရှိ တပ်စခန်း၊ ဟုန်ရှင်းဒေသ ကော်ကြာတုနှင့် ရှီးရှမ်းဒေသ မန်လော်ကျေးရွာအုပ်စု တာပတုတံတား တစ်ဘက်တစ်ဖက်ခြမ်းရှိ ပန်လုံတောင်စခန်းများကို MNDAAက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အချို့လည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

ယင်းနေ့ ညပိုင်းတွင် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များသည် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ တာကန်ထန်တပ်စခန်းကို လာရောက်ဗုံးကြဲပစ်ခတ်ရာ  ခြံကိုင်းရွာသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရသည့်အပြင် နေအိမ်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့ နိုဝင်ဘာလ (၈)ရက်နေ့တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သည် ကိုးကန့်ခရိုင် ပန်းဝါနေရာ၏ တောင်ဘက်ခြမ်းရှိ မာလီလင်စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့သည် ယနေ့အထိ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း(၁)ခုကို ထပ်မံသိမ်းယူခဲ့ပြီး လက်ရှိတွင် စခန်း(၁၅၀)ခု သိမ်းယူရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency