နေပြည်တော်အနီးရှိ တပ်စခန်းမှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသဖြင့် ခဲယမ်းနှင့် စစ်သုံးပစ္စည်းတချို့ရရှိ

နေပြည်တော်အနီးရှိ တပ်စခန်းမှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသဖြင့် ခဲယမ်းနှင့် စစ်သုံးပစ္စည်းတချို့ရရှိ
အောက်တိုဘာ 28, 2023 | 2021 Military Coup| အခြားဒေသများ

နေပြည်တော်အနီးရှိ တာဝါတိုင်စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးတပ်များက သေနတ်ပစ်ဖောက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသဖြင့် ခဲယမ်းနှင့် စစ်သုံးပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့သည်ဟု ကျားသံလုံးစစ်ကြောင်းထံမှ သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ ကရင်ဖြူဒေသ လက်ဖက်တောင်ကျေးရွာ တာဝါတိုင်၌ အင်အား(၂၂)ဦးဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် အောက်တိုဘာလ (၂၃)ရက်နေ့တွင် ကျားသံလုံးပူးပေါင်း PDF စစ်ကြောင်းက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထွက်‌ပြေးသွားသဖြင့် ခဲယမ်းတချို့နှင့် စစ်သုံးပစ္စည်းတချို့ကိုသာ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

"မနက်စောစော သေနတ်ဖောက်ဖောက်ခြင်း၊ စစ်ကောင်စီတပ်က တပ်သားတွေ ထွက်ပြေးသွားလို့ ကျန်ရှိတာတွေသိမ်းပြီး ပြန်ဆုတ်လာခဲ့ပါတယ်။ စစ်ကူလာတာကို စောင့်ပစ်ဖို့လုပ်ခဲ့ပေမယ့် စစ်ကူမပေးတာကြောင့် ပြန်ဆုတ်လာခဲ့ပါတယ်။ ထွက်ပြေးသွားတဲ့ ဗိုလ်ကို စစ်ကောင်စီက နောက်ရက်မှာ ဖမ်းသွားတယ်လို့ သိရတယ်။"ဟု ကျားသုံလုံးစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက Tachileik News Agencyကိုပြောသည်။

အဆိုပါတပ်စခန်းသည် ပြီးခဲ့သည့် ဩဂုတ်လ (၁၀)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သော ဘိုမသံတောင်တပ်စခန်းနှင့် တစ်ရွာခြားသာ‌ဝေးပြီး နေပြည်တော်သို့သွားနိုင်သည့် လမ်းတကြောလုံးအား စစ်ကောင်စီတပ်က စခန်းများချထားခြင်းဖြစ်သည်ဟု ဆိုသည်။

စခန်းအတွင်းမှ ကျည်ကာဦးထုပ်(၈)လုံး၊ ၄၀ မမ(၁၀)လုံး၊ ၅.၅၆ ကျည်(၈၅၀)တောင့်၊ ဗက်နက်ဒါ(၄)ချောင်း၊ ဆက်သွယ်ရေး ကြေးနန်းစက်(၁)စုံနှင့် ရိက္ခာခြောက်များအား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ကျားသံလုံးစစ်ကြောင်းသည် ပူးပေါင်းတပ်များဖြင့် နေပြည်တော် ပျဉ်းမနားမြို့နယ်အနီးရှိ မြွေဟောက်မြောင်စစ်စခန်း၊ ဘိုမသံတောင် စစ်စခန်းတို့ကို သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

#TachileikNewsAgency

Photo : ကျားသံလုံးစစ်ကြောင်း-သံတောင်မြောက်ပိုင်းအထူးဒေသ