ပုလဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံထောင်ချီ ထွက်ပြေးရ

ပုလဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံထောင်ချီ ထွက်ပြေးရ
အောက်တိုဘာ 5, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ်သို့ စစ်ကောင်စီတပ်ဖွဲ့ အင်အားအလုံးအရင်းဖြင့် ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့ ညနေပိုင်းက စစ်ကြောင်းထိုးလာရာ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကား(၇)စီးအပါအဝင် အင်အား(၂၀၀) ကျော်ဖြင့် စစ်ကြောင်းထိုးလာရာ ပုလဲ-ဂန့်ဂေါလမ်းမပေါ်ရှိ ‌ညောင်ရမ်းကုန်း၊ မြကုန်း၊ ကုက္ကိုလ်ကုန်း၊ လက်ပကန်၊ နွယ်ရှောက်၊ နှောကန်၊ ကံကြီး အစရှိသည့် ကျေးရွာများမှ ဒေသခံထောင်ချီ ထွက်ပြေးနေကြရသည်ဟု သိရသည်။

 

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ညပိုင်းက ယင်းမာပင်မြို့နယ် လည်ငေါက်ရွာတွင် ယာဉ်တန်းနှင့်အတူ တပ်စွဲခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ပုလဲမြို့နယ် လက်တောင်းကြီးရွာရောက်လာကာ ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်သွားသည်ဟု ဆိုသည်။

"ပုလဲမြို့နယ် လက်တောင်းကြီးရွာကိုတော့ ဒီနေ့လယ်မှာ စစ်ကြောင်းရောက်ပြီး ဆန်၊ ဆီအပါအဝင် ပြည်သူပိုင်ပစ္စည်းတွေ အဓမ္မသိမ်း ယူသွားခဲ့တယ်။ ဖမ်းမိတဲ့ ပြည်သူတွေကို ရိုက်နှပ်တာရှိခဲ့တယ်လို့ သိရတယ်။"ဟု ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ခေါင်းဆောင် ကိုတိုးဝေအောင်က Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ကြောင့် ဒေသခံများမှာ နီးစပ်ရာကျေးရွာများအပြင် တောထဲတွင် စစ်ရှောင်နေကြရပြီး လက်ရှိတွင် ၎င်းစစ်ကြောင်းမှာ ပုလဲမြို့ပေါ်သို့ ရောက်ရှိနေပြီဟု သိရသည်။

#TachileikNewsAgency

Photo :ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ