တာချီလိတ်မြို့ရှိ အထက(မိုင်းကိုး) ကျောင်းအုပ်က ကျောင်းအားကစားပြိုင်ပွဲမှ ရရှိသည့် ဆုကြေးငွေများ ပတ်သက်၍ ပွင့်လင်းမြင်သာစွာ စာရင်းရှင်းလင်းခြင်း မပြုလုပ်၍ ပြိုင်ပွဲဝင်ကျောင်းသားများနှင့် မိဘများက မကျေနပ် 

တာချီလိတ်မြို့ရှိ အထက(မိုင်းကိုး) ကျောင်းအုပ်က ကျောင်းအားကစားပြိုင်ပွဲမှ ရရှိသည့် ဆုကြေးငွေများ ပတ်သက်၍ ပွင့်လင်းမြင်သာစွာ စာရင်းရှင်းလင်းခြင်း မပြုလုပ်၍ ပြိုင်ပွဲဝင်ကျောင်းသားများနှင့် မိဘများက မကျေနပ် 
စက်တင်ဘာ 24, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(မိုင်းကိုး)၏ ကျောင်းအုပ်က ကျောင်းသားများ၏ အားကစားပြိုင်ပွဲမှ ရရှိသည့် ဆုကြေးများနှင့် ရပ်ရွာထောက်ပံ့ငွေများကို ပွင့်လင်းမြင်သာစွာ စာရင်းမချပြသလို ပြိုင်ပွဲဝင်ခဲ့သည့် ကျောင်းသား ကျောင်းသူများကိုလည်း ချီးမြှင့်မှုမျိုး မပြုလုပ်ကြောင်း ကျောင်းသားမိဘများက ပြောကြားလာကြသည်။

တာချီလိတ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ (ဖလား) အခြေခံပညာကျောင်းပေါင်းစုံ ပြိုင်ပွဲကို ၂၀၂၃ခုနှစ် သြဂုတ်လ(၁၁)ရက်နေ့မှ ဩဂုတ်လ(၂၆)ရက်နေ့အထိ တာချီလိတ်မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အားကစားပြိုင်ပွဲတွင်  အခြေခံပညာအထက်တန်းကျောင်း(မိုင်းကိုး)အနေဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သလို အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုကို လည်းကောင်း၊ အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုကို လည်းကောင်း၊ အသက်(၁၂)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုကို လည်းကောင်း ဆုများအသီးသီးရရှိခဲ့ရာတွင် ဆုကြေးငွေအနေဖြင့် ဆုငွေသိန်း(၅၀)ကျော် ရရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင်  အခြေခံပညာအထက်တန်းကျောင်း(မိုင်းကိုး)အနေဖြင့် ပါဝင်ယှဉ်ပြိုင်ရာတွင် အားကစားပစ္စည်းများနှင့်အထွေထွေပစ္စည်းများ ဝယ်ယူနိုင်ရန် ရပ်ရွာစေတနာရှင်များက ထောက်ပံ့ပေးထားသည့် ထိုင်းဘတ်ငွေ (၅၀,၀၀၀)ဝန်းကျင်လည်း ရှိရာ ဆုကြေး ကျပ်ငွေ နှင့် အဆိုပါ ဘတ်ငွေများနှင့် ပတ်သက်ပြီး ပြိုင်ပွဲပြီးသည့် အချိန်အထိ စာရင်းရှင်းတမ်းပြုလုပ်ကာ ပွင့်လင်းမြင်သာစွာ ချပြခြင်း မရှိကြောင်း ကျောင်းသားမိဘများက ပြောသည်။

" ဆုငွေ ကျပ်သိန်း (၅၀)ကျော်နဲ့ ရပ်ရွာပြည်သူများ ထောက်ပံ့ထားတဲ့ ထိုင်းဘတ်ငွေ (၅၀,၀၀၀)နီးပါးကိုလည်း ပွဲပြီးဆုံးတဲ့အချိန်အထိ ငွေစာရင်းရှင်းတမ်းထုတ်တာမရှိသေးဘူး။ ပွင့်လင်းမြင်သာစွာ ချပြဖို့ တောင်းဆိုတော့လည်း ယနေ့အထိ ချပြခဲ့ခြင်း မရှိပါဘူး။ အဲ့ဒီငွေတွေထဲက ကလေးတွေအတွက် အနည်းငယ်လောက်ပဲ အသုံးပြုပြီးတော့ အားလုံးကုန်ပြီလို့ ပြောတယ်။ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကလေးတွေကိုလည်း အားပေးစကားနဲ့အတူ ထိုက်သင့်တဲ့ ချီးမြှင့်မှုမျိုး လုပ်တာမရှိဘူး။ အခုကိစ္စနဲ့ပတ်သက်ပြီး ပြိုင်ပွဲဝင်ခဲ့ရတဲ့ ကျောင်းသား ကျောင်းသူတွေရော ကျောင်းသားမိဘတွေကရော မကျေနပ်ကြဘူး။ ဒီကိစ္စကို သက်ဆိုင်ရာ လူကြီးများကနေပြီး စစ်ဆေးအရေးယူပေးဖို့ တင်ပြချင်ပါတယ်"ဟု အမည်မဖော်လိုသည့် ကျောင်းသားမိဘတစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့တွင် ပြောသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တာချီလိတ်မြို့နယ်အတွင်း မြို့ပေါ် အထက်တန်းကျောင်းများနှင့် အထက်တန်းကျောင်း(ခွဲ)တို့၏ ကျောင်းအုပ်များနှင့် ပတ်သက်၍ ငွေကြေးကိစ္စရပ်များမှာလည်း ကျောင်းသားမိဘများအကြား သတင်းဆိုးများလည်း ထွက်ပေါ်နေလျက်ရှိကြောင်း ကြားသိရသည်။