အမေရိကန် ဒေါ်လာ (၁၀,၀၀၀) တန် ငွေစက္ကူကို ဒေါ်လာ (၄၈၀,၀၀၀) ဖြင့် လေလံတင် ရောင်းချ

အမေရိကန် ဒေါ်လာ (၁၀,၀၀၀) တန် ငွေစက္ကူကို ဒေါ်လာ (၄၈၀,၀၀၀) ဖြင့် လေလံတင် ရောင်းချ
စက်တင်ဘာ 23, 2023 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်နိုင်ငံတွင် စတော့ရှယ်ယာဈေးများ အကြီးအကျယ် ကျဆင်းခဲ့ပြီးနောက် ကမ္ဘာတဝန်း နိုင်ငံအများစု၌ စီးပွားပျက်ကပ် ကြုံခဲ့ရစဥ် Great Depression ခေတ်ကာလအတွင်း ထုတ်ဝေခဲ့သည့် ရှားပါးသော အမေရိကန်ဒေါ်လာ (၁၀,၀၀၀) တန် ငွေစက္ကူတစ်ရွက်ကို ဒေါ်လာ (၄၈၀,၀၀၀) ဖြင့် လေလံတင် ရောင်းချခဲ့သည်။

၁၉၃၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ထိုငွေစက္ကူကို Paper Money Guaranty (PMG) က အသိအမှတ်ပြုထားပြီး ထူးခြားသော စက္ကူအရည်အသွေးအဆင့် Exceptional Paper Quality (EPQ) သတ်မှတ်ထားကြောင်း ဒါးလက်စ်အခြေစိုက် လေလံကုမ္ပဏီ Heritage Auctions က ဆိုသည်။ 

အဆိုပါ ငွေစက္ကူတွင် သမ္မတဟောင်း လင်ကွန်း၏ ဘဏ္ဍာရေးဝန်ကြီး Salmon P. Chase ၏ မျက်နှာကို ပုံနှိပ်ဖော်ပြထားသည်။

ရှားပါးသော ဒေါ်လာ (၁၀,၀၀၀) တန် ငွေစက္ကူကို စက်တင်ဘာလ (၁၅) ရက်နေ့တွင် Heritage Auctions ၏ Long Beach Expo ငွေစက္ကူ လေလံပွဲအတွင်း စံချိန်တင် လေလံဈေးဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ 

"စုဆောင်းသူ အလွှာစုံက တန်ဖိုးကြီး ငွေစက္ကူတွေကို စိတ်ဝင်စားကြတယ်" ဟု Heritage Auctions တွင် ငွေစက္ကူဌာန၏ ဒုဥက္ကဌဖြစ်သူ Dustin Johnston က စက်တင်ဘာလ (၁၈) ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ပြောထားသည်။

၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ဒေါ်လာ (၁၀,၀၀၀) တန် ငွေစက္ကူတစ်ရွက်ကို ဒေါ်လာ (၃၈၄,၀၀၀) ဖြင့် လေလံတင် ရောင်းချခဲ့ကြောင်း Heritage Auctions ၏ ပြောခွင့်ရ အမျိုးသားတစ်ဦးက CNN သတင်းဌာနကို စက်တင်ဘာလ (၂၀) ရက်နေ့တွင် ပြောခဲ့သည်။ 

ယခု ၂၀၂၃ ခုနှစ်တွင် လေလံပွဲ၌ ရရှိခဲ့သည့် ဈေးနှုန်းမှာ ၁၉၃၄ ခုနှစ်ထုတ် ဒေါ်လာငွေစက္ကူတစ်ရွက်အတွက် အမြင့်ဆုံး လေလံဈေးနှုန်းအဖြစ် စံချိန်တင်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

အမေရိကန်တွင် ဒေါ်လာ (၁၀,၀၀၀) တန်မှာ တန်ဖိုးအကြီးဆုံး ငွေစက္ကူ အမျိုးအစားဖြစ်ပြီး ထိုငွေစက္ကူကို ဖက်ဒရယ် အရန်ဘဏ်များကြား ငွေကြေးလွှဲပြောင်းရန်အတွက်သာ အသုံးပြုကြောင်း အမေရိကန် ဘဏ္ဍာရေးပြတိုက် Museum of American Finance ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

 သို့သော် လေလံတင် ရောင်းချခဲ့သော ဒေါ်လာ (၁၀,၀၀၀) တန် ငွေစက္ကူမှာ လည်ပတ်သုံးစွဲခဲ့ဖူးခြင်း မရှိကြောင်း Heritage Auctions က ပြောသည်။

လည်ပတ်သုံးစွဲမှု မရှိခြင်းကြောင့် ဒေါ်လာ (၅၀၀) သို့မဟုတ် ပို၍တန်ဖိုးကြီးသော ဒေါ်လာငွေစက္ကူများကို ၁၉၆၉ ခုနှစ်တွင် ဆက်လက် ထုတ်ဝေခြင်း မပြုတော့ကြောင်း အမေရိကန်  Bureau of Engraving & Printing ဝက်ဘ်ဆိုက်က ဆိုသည်။

ထိုစဥ်ကတည်းက ဒေါ်လာ (၁၀၀) တန်မှာ အမေရိကန်က ထုတ်ဝေထားသည့် တန်ဖိုးအကြီးဆုံး ငွေစက္ကူဖြစ်ကြောင်း သိရသည်။

Heritage Auctions က ၁၈၉၉ ခုနှစ်ထုတ် ဒေါ်လာ (၂၀) တန် ရွှေဒင်္ဂါးတစ်ခုကိုလည်း စက်တင်ဘာလ (၁၄) ရက်နေ့တွင်  ဒေါ်လာ (၄၆၈,၀၀၀) ဖြင့် လေလံတင် ရောင်းချခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 အဆိုပါ ရွှေဒင်္ဂါး အမျိုးအစားကို (၈၄) ခုသာ ထုတ်‌ဝေခဲ့ခြင်းဖြစ်ပြီး (၃၀) ခုခန့်သာ ကျန်ရှိတော့သည်ဟု ယူဆရကြောင်း လေလံကုမ္ပဏီက ဆိုသည်။

Source: CNN