ဗြိတိန်တွင် အကောင်ကြီးမားသော အမေရိကန် ခွေးဘီလူးများ မွေးမြူခွင့် ပိတ်ပင်သွားမည်

ဗြိတိန်တွင် အကောင်ကြီးမားသော အမေရိကန် ခွေးဘီလူးများ မွေးမြူခွင့် ပိတ်ပင်သွားမည်
စက်တင်ဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဗြိတိန်တွင် စက်တင်ဘာလ (၁၄) ရက်နေ့က နောက်ထပ် ခွေးဘီလူး တိုက်ခိုက်မှုအဖြစ် သံသယရှိရသော ဖြစ်ရပ်တစ်ခုအတွင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးနောက် ဝန်ကြီးချုပ် ရစ်ရှီဆူနက်ခ်က အကောင်ကြီးမားသော အမေရိကန် ခွေးဘီလူးများ (American XL Bully အမျိုးအစား) မွေးမြူခွင့်ကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း၌ ပိတ်ပင်သွားမည်ဟု စက်တင်ဘာလ (၁၅) ရက်နေ့တွင် ပြောသည်။

အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့တွင် အစ်မဖြစ်သူနှင့်အတူ ဈေးဆိုင်သို့ လမ်းလျှောက်သွားနေခဲ့စဥ် အသက် (၁၁) နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ သန်မာထွားကြိုင်းသော ခွေးဘီလူးတစ်ကောင် တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ပြီးနောက် သီတင်းတစ်ပတ်မပြည့်မီ ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်၏ ကြေညာချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ခွေးဘီလူး တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ နိုင်ငံ၏ ထိတ်လန့်တုန်လှုပ်မှုကို မျှဝေခံစားပါကြောင်း အမေရိကန် ခွေးဘီလူး မွေးမြူခွင့် ပိတ်ပင်သွားမည့် အစီအစဥ်ကို ထုတ်ပြန်ကြေညာစဥ် ဝန်ကြီးချုပ်ဆူနက်ခ်က ပြောခဲ့သည်။ 

"ဒါက လေ့ကျင်ထားတဲ့ ခွေးဆိုး လက်တစ်ဆုပ်စာလောက်ကိစ္စ မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ ဒါက အပြုအမူ ပုံစံတစ်ခုဖြစ်ပြီး ဆက်ဖြစ်ခွင့်မပေးနိုင်ပါဘူး" ဟု ဆူနက်ခ်က ဗီဒီယိုမက်ဆေ့ချ်တွင် ပြောထားသည်။

စက်တင်ဘာလ (၁၄) ရက်နေ့က အင်္ဂလန်အလယ်ပိုင်းတွင် ကြီးမားသော အမေရိကန် ခွေးဘီလူး (American XL Bully) တိုက်ခိုက်မှုဟု သံသယရှိရသော ဖြစ်ရပ်တစ်ခုအတွင်း လူတစ်ဦး သေဆုံးခဲ့သည်ဟု ဝန်ကြီးချုပ်ဆူနက်ခ်က ဆိုသည်။ 

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ခွေးပိုင်ရှင် အမျိုးသားတစ်ဦးကို လူသတ်မှုသံသယဖြင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ခွေးဘီလူး တိုက်ခိုက်မှုများကို စောင့်ကြည့်မှတ်တမ်းတင်သည့် Bully Watch အဖွဲ့က ကြီးမားသော အမေရိကန် ခွေးဘီလူးများ ရောင်းချခြင်းနှင့် မွေးမြူခြင်းကို တားမြစ်ပိတ်ပင်ရန် ထောက်ခံခဲ့သည်။

 ၂၀၂၂ ခုနှစ်အတွင်း ဗြိတိန်တွင် ဖြစ်ပွားခဲ့သည့် လူသေဆုံးသော ခွေးတိုက်ခိုက်မှုများအနက် ထက်ဝက်ကျော်မှာ ထိုခွေးဘီလူးများကြောင့်ဟု ဆိုသည်။

ကြီးမားသော American XL Bully ခွေးဘီလူးများမှာ American Pit Bull Terrier နှင့် American Staffordshire Terrier ခွေးအမျိုးအစားတို့မှ သားပေါက်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်တွင် ၂၀၁၄ သို့မဟုတ် ၂၀၁၅ ခုနှစ် ဝန်းကျင်၌ စတင် တွေ့ရှိလာရကြောင်းနှင့် မကြာသေးမီ နှစ်များအတွင်း အကောင်ရေ လျင်မြန်စွာ တိုးပွားလာခဲ့ကြောင်း Bully Watch အဖွဲ့က ပြောသည်။

 

Source: Reuters