နှစ်ဘက်ကျဆုံးမှုရှိသည့် နောင်ကြီးအိုင်ရဲစခန်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်

နှစ်ဘက်ကျဆုံးမှုရှိသည့် နောင်ကြီးအိုင်ရဲစခန်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်
စက်တင်ဘာ 15, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မြောက်ဘက်ပိုင်းရှိ နောင်ကြီးအိုင်ရွာ ရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး အထိအခိုက်များသဖြင့် Mi-35 ရဟတ်ယာဉ် တစ်စီးဖြင့် နောင်ကြီးအိုင်ကျေးရွာပတ်လည်ကို ပစ်ခတ်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း ဘုတလင်နယ် ကျောင်းသားများတပ်မတော်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး ဒေသကာကွယ်ရေးတပ်များဘက်က ရဲဘော်(၆)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း People's Defense Comradeထံမှ သိရသည်။

ထို့အပြင် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိတွင် စစ်ကောင်စီတပ်က နောင်ကြီးအိုင်ရွာသို့ အင်အားဖြည့်တင်းရန်  လုပ်ဆောင်နေပြီး အရာတော်-နောင်ကြီးအိုင် ကားလမ်းမကိုလည်း ပိတ်ထားကြောင်း သိရသည်။ 

 

ထို့ကြောင့် နောင်ကြီးအိုင်ရွာအနီးရှိ ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းတိမ်းရှောင်ပေးထားကြရန်နှင့်  လေကြောင်းအန္တရာယ်ကိုလည်း ဂရုစိုက်ကြရန် People's Defense Comrade ကဖော်ပြထားသည်။

#TachileikNewsAgency