ရေးမြို့ရှိ စစ်ကောင်စီတပ်စခန်းများ ပစ်ခတ်ခံရ၍ ပြန်လည်ပစ်ခတ်ရာ အရပ်သားများဒဏ်ရာရ

ရေးမြို့ရှိ စစ်ကောင်စီတပ်စခန်းများ ပစ်ခတ်ခံရ၍ ပြန်လည်ပစ်ခတ်ရာ အရပ်သားများဒဏ်ရာရ
စက်တင်ဘာ 13, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ခမရ (၅၈၃)တပ်ရင်းနှင့် ခမရ (၅၉၁)တပ်ရင်းတို့အား ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့တွင် တော်လှန်ရေးတပ်များ ပူးပေါင်း၍ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ခမရ(၅၈၃)တပ်ရင်းနှင့် ခမရ (၅၉၁)တပ်ရင်းများအတွင်းသို့ လက်နက်ကြီးများဖြင့် တစ်ပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိခဲ့ပြီး တော်လှန်ရေးတပ်များဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးချိန်တွင် ခမရ (၅၈၃)နှင့် ခမရ(၅၉၁)ဘက်မှ ၈၁ မမ (၃)လုံး၊ ၆၀ မမ (၅)လုံးနှင့် ၇၉ မမများဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဘက်က ကျေးရွာများအတွင်းသို့ ပစ်ခတ်မှုကြောင့် အရပ်သား (၆)ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့ပြီး ညပိုင်းတွင်လည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း YGF-ရေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်စခန်းနှစ်ခုကို ဒေါနစစ်ကြောင်း၊ မွန်တော်လှန်ရေးတပ်(MSRF)၊ ရေးကာ‌ကွယ်ရေးတပ်(YDF)၊ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO)၊ ABSDF တပ်ရင်း(၁)၊  YAF၊ KNLA တပ်ရင်း(၂၇)နှင့် YGF-ရေးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Ye Guerrilla Force-ရေးပြောက်ကျားတပ်ဖွဲ့