ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ရွာကိုမီးရှို့နေသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးရ

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ရွာကိုမီးရှို့နေသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကြာပင်အိုင်နှင့် သဲကုန်းလေးရွာတို့ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီး စစ်ကြောင်းထိုးနေသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းက ခင်ဦးမြို့နယ် အနောက်ခြမ်း အောင်သာ၊ အင်းပေါက်ရွာတို့တွင် ညအိပ်တပ်စွဲခဲ့သည့် အောင်လံအခြေစိုက် ခလရ(၇၁)စစ်ကောင်စီတပ်ဖွဲ့သည် အင်အား(၁၀၀)ကျော်ဖြင့် ယနေ့နံနက်ပိုင်းတွင် ကြာပင်အိုင်၊ သဲကုန်းလေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် အဆိုပါစစ်ကောင်စီတပ်သည် ခင်ဦးနယ်နှင့် ရွှေဘိုနယ်စပ်ရှိ သရက်ပင်ဝန်းရွာအနီးသို့ ရောက်ရှိနေပြီး ခင်ဦးနှင့် ရွှေဘိုမြို့နယ်အစပ်ရှိကျေးရွာများ ကြိုတင်ရှောင်ရှားကြရန် People’s Defence Comeadeက သတိပေးထုတ်ပြန်ထားသည်။ 

ယမန်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့သည် ခင်ဦးနယ်အနောက်တောင်ခြမ်း အမှတ်(၂) တိုက်နယ်အတွင်းသို့ အင်အား (၁၀၀)ကျော်ဖြင့် ခြေလျင်စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံ တစ်သောင်းဝန်းကျင် မိုးရေထဲထွက်ပြေးတိမ်းရှောင်ခဲ့ကြရာက မရမ်းအင်းကျေးရွာမှ အသက် (၅၇)နှစ်အရွယ် ဦးတင့်မှာ အမောဖောက်၍ နှလုံးရပ်သေဆုံးသွားခဲ့သည်။ 

 

အဆိုပါစစ်ကြောင်းကြောင့် အောင်သာကျေးရွာအပါအဝင် အင်းပေါက်၊ မရမ်းအင်း၊ ကုန်းသာ၊ သဲကုန်းကြီး၊ ဒါန်းကုန်း၊ မှန်တော၊ သိမ်တော်၊ ကျွန်းဆွယ်၊ ကျွန်းလယ်နှင့် ကြာပင်အိုင် စသည့်ကျေးရွာများမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo :People’s Defence Comeade