မြန်မာနိုင်ငံ၏ နယ်မြေထက်ဝက်ကျော် PDF တပ်များ ထိန်းချုပ်မှုအောက်တွင်ရှိဟု ဒေါက်တာဆာဆာပြော

မြန်မာနိုင်ငံ၏ နယ်မြေထက်ဝက်ကျော် PDF တပ်များ ထိန်းချုပ်မှုအောက်တွင်ရှိဟု ဒေါက်တာဆာဆာပြော
သြဂုတ် 17, 2023 | 2021 Military Coup

မြန်မာနိုင်ငံ၏ နယ်မြေထက်ဝက်ကျော်မှာ လူမျိုး၊ ဘာသာစုံပါဝင်သည့် ကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောဆိုလိုက်သည်။ 

အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုမြို့တွင် ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့က ပြုလုပ်သော ကမ္ဘာ့ဘာ သာရေးညီလာခံပါလီမန်တွင် NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ယင်းသို့မိန့်ခွန်းပြောကြားခဲ့ပြီး လွတ်လပ်မှု၊ ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ကာကွယ်ရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။

တိုင်းပြည်အနှံ့ လူမျိုးတုန်းသတ်ဖြတ်နေသည့် စစ်တပ်၏အကြမ်းဖက်မှုကိုကာကွယ်ပြီး လွတ်လပ်မှုနှင့် လူ့အခွင့်အရေးကိုရရှိစေရေးအတွက် ကာကွယ်ရေးတပ်ရင်းပေါင်း(၃၀၀)ကျော်ကိုဖွဲ့စည်းခဲ့ကာ လက်ရှိတွင် မြန်မာနိုင်ငံ၏ နယ်မြေထက်ဝက်ကျော်မှာ လူမျိုး၊ ဘာသာစုံပါဝင်သည့် ကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင်ရောက်ရှိနေပြီဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ထံမှ တပ်သား(၁၃,၀၀၀)ကျော်သည်လည်း အကြမ်းဖက်မှုများကို မကျူးလွန်လိုတော့သဖြင့် ပြည်သူ့ဘက်ကို ပူးပေါင်းလာသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် ကျောင်းများအပါအဝင် အဆောက်အဦး (၇၀,၀၀၀)ကျော်ကိုလည်း ဖျက်ဆီးခဲ့ပြီး လူပေါင်း(၂)သန်းနီးပါးကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ကာ အသက်ကယ်ဆယ်ရေး အကူအညီလိုအပ်နေသူ (၁၈)သန်းကျော်နှင့် မြန်မာနိုင်ငံသား (၄၈)သန်းကျော်မှာ ဆင်းရဲနွမ်းပါးမှုဖြင့် နေထိုင်နေကြရသည်ဟု ပြောသည်။  

ထို့အပြင် စစ်အာဏာရှင်သည် အမုန်းစကားများနှင့်  ဘာသာရေးကို လက်နက်သဖွယ်အသုံးပြုပြီး အကြမ်းဖက်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇဝတ်မှုများကျူးလွန်နေခြင်းအား ကမ္ဘာကသိစေရေး ကမ္ဘာတစ်ဝန်းလုံးရှိ ဘာသာရေးခေါင်းဆောင်များအနေဖြင့် ပြောကြားပေးရန် တောင်းဆိုကြောင်းလည်း ဒေါက်တာဆာဆာက ပြောသည်။

“ကျွန်တော့်နိုင်ငံက ဘာသာပေါင်းစုံ ယုံကြည်သက်ဝင်သူ ပြည်သူတွေဟာ စစ်တပ်လက်ထဲမှာ ကာလကြာရှည်စွာ သွေးခွဲအုပ်ချုပ်မှုတွေ ခံစားခဲ့ကြရပါတယ်။ ဒီသွေးခွဲမှုတွေကို လက်မခံပဲ ကျွန်တော်တို့ ယုံကြည်သက်ဝင်တဲ့ဘာသာတွေရဲ့ သင်ကြားမှုတွေအောက်မှာ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို ပိုမိုတည်ဆောက်သွားပါမယ်။”ဟု ဒေါက်တာဆာဆာက ပြောသည်။

 

အာဆီယံသဘောတူညီချက်(၅)ချက်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာအပေါ်သဘောထားအမှတ်(၂၆၆၉)နှင့် အမေရိကန်၏ NDAA/Burma Act(၂၀၂၃ )များကို အလျင်အမြန် အကောင်အထည်ဖော်ရန် အရေးကြီးပြီး အပြည်ပြည်ဆိုင်ရာမှ လူမျိုးတုန်းသတ်ဖြတ်သည့် စစ်အာဏာရှင်ကို ဘဏ္ဍာရေး၊ လက်နက်နှင့် နိုင်ငံရေးတရားဝင်မှုတို့မှ အပြည့်အဝ ဖြတ်တောက်ခြင်းမှာလည်း အလားတူ အရေးပါသည်ဟုလည်း ဆိုသည်။

NUG အနေဖြင့် စစ်ကောင်စီတပ်၏ အကြမ်းဖက်မှု အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် ဆေးရုံပေါင်း(၁၆၀)ကို တည်ဆောက်ခဲ့ပြီး ရွေ့လျားဆေးခန်းပေါင်း (၂၅၀)နှင့်အတူ ဗုံးခိုရန်နေရာ (၁,၁၇၅)ခုနှင့် ကျောင်းပေါင်း (၄,၅၇၀)တို့ကို တည်ဆောက်ခဲ့ကာ တရားစီရင်ရေးအတွက် တရားသူကြီး (၁၂၆)ဦးအား ခန့်အပ်ထားရှိပြီးဖြစ်သည်ဟု ဆိုသည်။

#TachileikNewsAgency