ရုရှားခြိမ်းခြောက်မှုကြားမှ ယူကရိန်း၏ လယ်ယာထွက်ကုန်တင်ဆောင်လာသည့် ပထမဆုံးကုန်သင်္ဘော ဆိပ်ကမ်းမှ စတင်ထွက်ခွာ

ရုရှားခြိမ်းခြောက်မှုကြားမှ ယူကရိန်း၏ လယ်ယာထွက်ကုန်တင်ဆောင်လာသည့် ပထမဆုံးကုန်သင်္ဘော ဆိပ်ကမ်းမှ စတင်ထွက်ခွာ
By Tachileik News Agency

ရုရှား၏ခြိမ်းခြောက်မှုများရှိနေသည့်ကြားမှ ယူကရိန်း၏ လယ်ယာထွက်ကုန်တင်ဆောင်လာသည့် ပထမဆုံး ကုန်သင်္ဘောတစ်စီးသည် ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့တွင် အိုဒက်ဆေးမြို့တောင်ပိုင်းဆိပ်ကမ်းမှနေ၍ စတင်ထွက်ခွာသွားပြီဖြစ်သည်။

ရုရှားက ယူကရိန်းကိုတိုက်ခိုက်နေသည့် စစ်ပွဲအတွင်း ယူကရိန်းမှ လယ်ယာထွက်ကုန်တင်ပို့မှုကို တားဆီးထားခြင်းဖြစ်ပြီး ယူကရိန်း၏ လယ်ယာထွက်ကုန်တင် သင်္ဘောများ ဘေးကင်းစွာဖြတ်သန်းခွင့်အတွက် ကုလသမဂ္ဂက ကမကထပြုထားသည့် သဘောတူညီချက်ကို ရုရှားက တဖက်သတ်ရပ်စဲကာ ပင်လယ်နက်တွင် ကုန်သင်္ဘောများအား အတင်းအကြပ်ရပ်တန့်ရန် ခြိမ်းခြောက်မှုများ လုပ်နေခြင်းဖြစ်သည်။

ဟောင်ကောင်အလံလွှင့်တင်ထားသည့် ယူကရိန်းလယ်ယာထွက်ကုန်တင်ဆောင်လာသည့် ကုန်တင်သင်္ဘောသည် ကုန်တန်ချိန်ပေါင်း (၃)သောင်းကျော် တင်ဆောင်ထားပြီး  ရုရှား၏ကျူးကျော်မှုစတင်သည့် လွန်ခဲ့သည့် (၁၈)လနီးပါးမှစ၍ ဆိပ်ကမ်းတွင် သောင်တင်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယူကရိန်း၏ထွက်ကုန်များ ပင်လယ်ရေကြောင်းမှ ကမ္ဘာ့ဈေးကွက်တင်ပို့မှုကို ပိတ်ဆို့ခြင်းအား ရုရှားက ဆက်လက်လုပ်ဆောင်နေပြီး ယူကရိန်း၏ ပင်လယ်နက် ရေကြောင်းသို့ တိုက်ရိုက်တင်ပို့နေသည့် ဒင်နုမြစ်ဆိပ်ကမ်းမှ ကုန်လှောင်ရုံများ ဒရုန်းတိုက်ခိုက်မှု (၂) ကြိမ်ခံခဲ့ရကြောင်း အိုဒက်ဆေးဒေသအုပ်ချုပ်ရေးတာဝန်ရှိသူက ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖေါ်ပြောဆိုသည်။

ယူကရိန်း လယ်ယာထွက်ကုန်တင်သင်္ဘောများ ပင်လယ်နက်မှ ဘေးကင်းစွာဖြတ်သန်းခွင့်အတွက် ကုလက ကမကထပြုချုပ်ဆိုထားသည့် သဘောတူညီချက်မှ ရုရှားက ပြီးခဲ့သည့်လတွင် နှုတ်ထွက်သွားကာ အဆိုပါသင်္ဘောများတွင် စစ်ဘက်ဆိုင်ရာ ကုန်စည်များပါနိုင်ချေရှိသည်ဟု ရုရှားက စွပ်စွဲထားသည်။

ယင်းစွပ်စွဲချက်နှင့်ပတ်သက်၍ ပင်လယ်နက်တွင် ဖြတ်သန်းသွားလာနေသည့် သင်္ဘောအားလုံးသည် စစ်ဘက်ဆိုင်ရာကုန်စည်များ သယ်ဆောင်နိုင်ချေရှိသည်ဟု  ယူကရိန်းကလည်း ၎င်းတို့၏ထုတ်ပြန်ချက်တွင် ပြန်လည်ချေပထားသည်။

ကုန်တင်သင်္ဘောများ ယာယီဖြတ်သန်းနိုင်မည့်လမ်းကြောင်းကို ဖေါ်ဆောင်ထားသည်ဟုလည်း ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ယူကရိန်းရေတပ်၏ လူမှုကွန်ယက်စာမျက်နှာ facebook မှတစ်ဆင့် ဖေါ်ပြထားသည်ကိုလည်း တွေ့ရသည်။

ရုရှားက ကျူးကျော်စစ်စတင်ချိန်မှာပင် ယူကရိန်း၏ တောင်ပိုင်းဆိပ်ကမ်းများကို ထိန်းချုပ်ထားခြင်းဖြစ်သည်။

Source: The Washington Post