လက်ခတ်တောင်စခန်းကုန်း ပြန်လည်ရရှိရေး စစ်ကောင်စီထိုးစစ်ဆင်နေသော်လည်း ထိခိုက်သေဆုံးမှုများ

လက်ခတ်တောင်စခန်းကုန်း ပြန်လည်ရရှိရေး စစ်ကောင်စီထိုးစစ်ဆင်နေသော်လည်း ထိခိုက်သေဆုံးမှုများ

ကရင်ပြည်နယ် မြဝတီမြို့တွင် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် လက်ခတ်တောင်ကုန်းစခန်းအား စစ်ကောင်စီတပ်က ပြန်လည်ရရှိရေး နေ့စဉ်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KNU ဗဟိုက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါစခန်းပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်သည် တပ်မ(၄၄)မှူးမှ တိုက်ရိုက်ညွှန်ကြားပြီး လက်နက်အင်အား၊ တပ်အင်အားဖြည့်တင်းကာ နေ့စဥ်ထိုးစစ်ဆင်နေပြီး ယနေ့နံနက်ပိုင်းတွင်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။ 

လက်ခတ်တောင်ကုန်းစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးနောက် သြဂုတ်လ (၁၃)ရက်နေ့အထိ နှစ်ဖက်ပစ်ခတ်မှုပေါင်း (၁၀)ကြိမ်နှင့်အထက်ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီး(၂)ဦးအပါအဝင် (၁၇)ဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း KNU ၏ထုတ်ပြန်ချက်အရ သိရသည်။  

နှစ်ဖက်ပစ်ခတ်မှုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့ မှ တစ်ဦးကျဆုံးပြီး (၈)ဦးဒဏ်ရာရကာ ဒရုန်း (၁)စင်း ဆုံးရှုံးခဲ့ရကာ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရပြီး သာသနာပိုင်အဆောက်အဦး (၅)လုံးလည်းပျက်စီးခဲ့ရကြောင်း သိရသည်။

 

လက်ခတ်တောင်ကုန်းစခန်း ပြန်လည်ရရှိရေး ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်မ(၄၄)လက်အောက်ခံ ခမရ(၁၁၈)မှ ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးတို့လည်း သြဂုတ်လ (၈)ရက်နေ့က KNLA ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Karen National Union