မုံရွာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံးမှု ပစ်ခတ်သူများကို ဖမ်းဆီးရမိထား

မုံရွာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံးမှု ပစ်ခတ်သူများကို ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း မုံရွာမြို့၊ ထန်းတောအင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အား ဝင်ရောက် ပစ်ခတ်ရာ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးသေဆုံးမှုမှ ပစ်ခတ်သူများအား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)ထံမှ သိရသည်။

ယမန်နေ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ(၁၀)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်တွင် ထန်းတောအင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အား လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ရာ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်။

“ကျွန်တော်ပြောချင်တာက တရားခံမိသွားပြီ။ ပြည်သူတွေ သို့လော၊ သို့လောဖြစ်နေတဲ့ တရားခံကိုမိသွားပြီ။ အဲဒီတရားခံကို အရေးယူဆောင်ရွက်မှုတွေ လုပ်နေတယ်။ နောက် ကျန်ရစ်တဲ့ မိသားစုလည်း စိတ်သက်သာရာရစေလိုတယ်။ ရတော့ မရပါဘူး၊ သေသွားတဲ့ အသက်နှစ်ချောင်းအတွက်။ အဲဒီအတွက် တရားမျှတမှုတစ်ခုတော့ ပြန်ပြီးပေးရမှာပေါ့။”ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ (ပလဖ)ခေါင်းဆောင် ကိုလီယိုက Tachileik News Agencyကိုပြောသည်။

အဆိုပါ အမျိုးသမီးသည် ကိုယ်ဝန်အရင့်အမာဖြစ်ပြီး မကြာမီတွင် ကလေးမွေးဖွားမည်ဖြစ်ကာ ပစ်ခတ်ပြီးနောက် လက်နက်ကိုင်အဖွဲ့က အဆိုပါနေအိမ်မှ ဖုန်းနှစ်လုံးနှင့် ဆိုင်ကယ်တစ်စီးအား ယူဆောင်သွားသည်ဟု သိရသည်။ 

သံသယရှိသည့် UG (၇)ဦးအဖွဲ့ကို ဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့ရာ သတင်းပေးချက်ရရှိသဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုပြီး ပစ်ခတ်မှုလုပ်ဆောင်သူ (၃)ဦးကလည်း ဝန်ခံထွက်ဆိုသည်ဟု သိရသည်။

“ညကမှမိတာ။ (၁၁)နာရီလောက်မှမိတာ။ အဓိကတော့ဗျာ ဒီကောင်တွေအဖွဲ့ ဟုတ်လား၊ မဟုတ်လားပေါ့ဗျာ။ ကျွန်တော်တို့ စုံစမ်းရတယ်။ ထောက်လှမ်းရတယ်။”ဟု ကိုလီယိုက ဆက်ပြောသည်။

အဆိုပါအမှုအား မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထံ လွှဲအပ်မည်ဖြစ်ပြီး NUGကချမှတ်ထားသည့် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။

နေအိမ်အား ဝင်ရောက်ပစ်ခတ်သူများက ကိုယ်ဝန်သည်အမျိုးသမီးအား ပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ အမျိုးသမီးကြီးတစ်ဦးအား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ (ပလဖ)၏ စစ်ဆေးမေးမြန်းမှု Liveတွင် ထွက်ဆိုထားပြီး ကိုယ်ဝန်သည် အမျိုးသမီးသေဆုံးမှုကိုလည်း ဝန်ခံထားသည်ကို တွေ့ရသည်။

#TachileikNewsAgency