ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် မြန်မာ့တော်ဝင်နဂါးတပ်တော်တို့ တိုက်ပွဲဖြစ်ပြီး လက်နက်ခဲယမ်းတချို့ရ

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် မြန်မာ့တော်ဝင်နဂါးတပ်တော်တို့ တိုက်ပွဲဖြစ်ပြီး လက်နက်ခဲယမ်းတချို့ရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ နင်းကြီးကျေးရွာ၊ ကြောင်သန်းကျေးရွာနှင့် ဆင်ရှင်ကျေးရွာကြား၌ ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၇)ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်၊ ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်‌တော်ထံမှ သိရသည်။

ဇီးဖြူကုန်းရွာ ပျူစောထီးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်များဖြစ်သည့် အမှတ်(၉၀၉) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းနှင့် ခမရ(၇၀၄)တပ်ရင်းတို့မှ အင်အား (၈၇)ဦးဝန်းကျင်ပါသည့် စစ်ကြောင်းကို ကျေးနင်းကြီးကျေးရွာ၊ ကြောင်သန်းကျေးရွာနှင့် ဆင်ရှင်ကျေးရွာ (၃)ရွာကြား၌ တော်ဝင်နဂါးတပ်တော်က မီတာ(၁၀၀)အရောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူ ရှိခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ (၂)နာရီခွဲခန့် ကြာမြင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် အကြိမ်ရေ (၅၀)ကျော် ပစ်ခတ်ခဲ့သည့်အပြင် အထိနာသည့် စစ်ကောင်စီတပ်များသည် သေဆုံးဒဏ်ရာရ စစ်ကောင်စီတပ်သားများအား သယ်‌‌ဆောင်၍ တပ်ဆုတ်ကာ ကျေးနင်းကြီးကျေးရွာထဲသို့ ဝင်သွားခဲ့ကြောင်း သိရသည်။ 

ထို့နောက် စစ်ကောင်စီတပ်သည် တိုက်လေယာဉ်ဖြင့် မိနစ်(၂၀)ခန့် လာရောက်ဗုံးကြဲပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးစစ်ကောင်စီတပ်သားများ၏ အလောင်းများနှင့် လက်နက်များကောက်ယူရန် ကြိုးစားခဲ့ကြသော်လည်း လက်နက်ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းတချို့သာ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

တပ်ဆုပ်ခွာသွားသော စစ်ကောင်စီတပ်သည် ရေဝန်းဘုန်းကြီးကျောင်းအတွင်း အဓိကတပ်စွဲထားပြီး ဒဏ်ရာရတပ်သားများကို ဆေးကုကာ သေဆုံးအလောင်းများအား သင်္ဂြိုလ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ စစ်ဆင်ရေးကို မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)နှင့် ခရိုင်တပ်ရင်း(၆) M.R.D.Aတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Myanmar's Royal Dragon Army -MRDA