ပုလဲမြို့နယ်တွင် ကျေးရွာကို စစ်ကောင်စီတပ်များက ဝင်စီးပြီး ရပ်ကျေး ပအဖ‌ ခေါင်းဆောင်တစ်ဦးအားသတ်ကာ နေအိမ်များမီးရှို့

ပုလဲမြို့နယ်တွင် ကျေးရွာကို စစ်ကောင်စီတပ်များက ဝင်စီးပြီး ရပ်ကျေး ပအဖ‌ ခေါင်းဆောင်တစ်ဦးအားသတ်ကာ နေအိမ်များမီးရှို့

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တနယ်ရွာကို စစ်ကောင်စီတပ်များသည် ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂)ရက်နေ့တွင် ဝင်ရောက်စီးနင်းကာ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်တစ်ဦးအား သတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အင်မထီးရွာ ပျူစောထီးစခန်းမှ ထွက်ခွါလာသည့် စစ်ကောင်စီတပ်များသည် ဩဂုတ်လ (၂)ရက်နေ့  နံနက်(၅)နာရီ ဝန်းကျင်က တနယ်ကျေးရွာကို စီးနင်းဝင်ရောက်ခဲ့ရာ ကင်းစောင့်နေသည့် ကျေးရွာပကဖ ခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံခဲ့ရပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် PDF ရဲဘော်များအသုံးပြုသော ဆိုင်ကယ်(၁၂)စီးအား မီးရှို့ဖျက်ဆီးကာ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားခဲ့ပြီး ယနေ့ ဩဂုတ်လ (၃)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်တွင် ရွာအတွင်းမှ နေအိမ်(၈)လုံးအား မီးရှို့ဖျက်ဆီးကာ မင်းတိုင်ပင်ကျေးရွာကို ထွက်ခွါသွားကြောင်း သိရသည်။

စစ်ကြောင်းထွက်ခွါသွားပြီးနောက် ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချိန်တွင် ဖမ်းဆီးခံခဲ့ရသည့် ကျေးရွာပကဖခေါင်းဆောင်အား ရွာအနောက်ဖက် ဆည်ဘောင်ပေါ်၌ ညှင်းပန်းနှိပ်စက်ပြီး လည်ပင်းကိုဓားနှင့်လှီးကာ သတ်ထားခဲ့သည်ကို တွေ့ရှိရသည်ဟု သိရသည်။

မီးလောင်နေသော အိမ်များအား မြို့နယ်ပအဖ၊ ပကဖ တချို့အဖွဲ့ဝင်များ၊ ရပ်ကျေးပအဖ၊ ပကဖများ၊ ရဲဘော်များ၊ ကျေးရွာရှိဒေသခံများက အရေးပေါ မီးငြိမ်းသတ်ခဲ့ကြရကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် တနယ်၊ လှော်ကား၊ ပန်းရွာ၊ ကျောက်ကုန်း၊ လုပ်သား၊ နွားကူး၊ မွေ့တုံ၊ မင်းရွာ၊ ကိုင်းတွင်း၊ အင်းကန်၊ စပါးစေ့၊ ကျောက်ဖျာကန်၊ မင်းတိုင်ပင်၊ ‌နှောကန်‌ရွာများမှာ ဒေသခံ ထောင်ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။ 

ထွက်ပြေးတိမ်းရှောင်လာကြရသော စစ်ဘေးရှောင်များအား ဒေသခံရပ်ကျေးပအဖ၊ ပကဖများမှ ဦးဆောင်ပြီး နေရာထိုင်ခင်းများ စီစဉ်ပေးခြင်း၊ အစားအသောက်များ ကျွေးခြင်းများကို ကူညီပေးထားရသည်ဟု သိရသည်။

#TachileikNewsAgency

Photo : ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့